News

POST TYPE

NEWS

အမေရိကန်နှင့် ရုရှားတို့ ဗင်နီဇွဲလားအရေး ဆွေးနွေးမှုများ မာဒူရို၏ ကဏ္ဍနှင့်ပတ်သက်၍ အဖြေမထွက်
21-Mar-2019



ရောမ၊ မတ် ၂၀

အမေရိကန်နှင့် ရုရှား အဆင့်မြင့် ကိုယ်စားလှယ် ဆွေးနွေးပွဲများသည် သမ္မတမာဒူရို၏ ဘောင်ဝင်မှုနှင့် ပတ်သက်၍ သဘောကွဲလွဲမှုများဖြင့် အင်္ဂါနေ့က အဆုံးသတ်ခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ရုရှားက မာဒူရိုသည်သာ တစ်ဦးတည်းသော ဘောင်ဝင်သည့် ခေါင်းဆောင် ဖြစ်သည်ဟု ပြောဆိုထားသော်လည်း အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံများနှင့် လက်တင်အမေရိကနိုင်ငံများကမူ အခြေခံဥပဒေစည်းမျဉ်းအရ ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာထားသူ လွှတ်တော်ဥက္ကဋ္ဌ အတိုက်အခံ ခေါင်းဆောင် ဂွါအီဒိုကို အသိအမှတ်ပြု ထောက်ခံထားကြသည်။

“ကျွန်တော်တို့ စိတ်ချင်းတိုက် ဆိုင်ဖို့အတွက် လာခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ဖက်ရဲ့အမြင်ကို တစ်ဖက်က နားလည်မှုပေးဖို့ လာခဲ့ကြတဲ့အခါ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲ ဖြစ်ခဲ့ပါတယ်”ဟု အမေရိကန် အထူးကိုယ်စားလှယ် အီလီယော့အေဘရမ်က သတင်းထောက်များအား ပြောကြားသည်။

ရုရှားဘက်ကလည်း နှစ်နာရီကြာ ရောမဆွေးနွေးပွဲအပြီး နှစ်ဖက်စလုံးက ရပ်တည်ချက် အသီးသီးကို နားလည်သွားကြသည်ဟု ပြောကြားခဲ့သည်။ သို့သော် ရုရှားကိုယ်စားလှယ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရပ်ကော့ဗ်မှာ စကားကို ပွင့်ပွင့်လင်းလင်း ပြောဆိုသူဖြစ်သည်။

“ကွာဟချက်တွေ ကျဉ်းသွားအောင် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ဦးစားပေးအချက်တွေ၊ နည်းလမ်းနဲ့ သတိပေးမှုတွေကို ဝါရှင်တန်က လက်ခံတယ်လို့ ယူဆပါတယ်။ စစ်ရေးအရ ကြားဝင်စွက်ဖက်မှု မလုပ်ဖို့ ကျွန်တော်တို့ သတိပေးခဲ့ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဓဗင်နီဇွဲလား သမ္မတရာထူးကို ဘယ်သူရယူမလဲဆိုတဲ့ အချက်က အဓိက အငြင်းပွားစရာ ဖြစ်နေပါတယ်”ဟု အမေရိကန်ကိုယ်စားလှယ် အေဘရမ်က ပြောကြားသည်။

အေဘရမ်က အင်္ဂါနေ့ဆွေးနွေးပွဲများသည် အသုံးဝင်ပြီး အရေးပါကြောင်းနှင့် ပြဿနာ၏ နက်နဲမှုကို နှစ်ဖက်စလုံးက သဘောတူခဲ့ကြောင်း မှတ်ချက်ပေးသည်။

ရုရှားကိုယ်စားလှယ်က ဗင်နီဇွဲလားအပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် ရုရှားက စိုးရိမ်နေသည်ဟု ပြောကြားသည်။

အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံပိုင် ရွှေတူးဖော်ရေးကုမ္ပဏီ မိုင်နာဗန်နှင့် ကုမ္ပဏီအကြီးအကဲ ပါဒိုမိုအပေါ် အရေးယူပိတ်ဆို့မှုကို လွန်ခဲ့သောနာရီပိုင်းအတွင်းက ချမှတ်ခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားအရေးတွင် နည်းလမ်းအားလုံး အဆင်သင့် ရှိနေသည်ဟု ပြောဆိုထားသည်။

ဗင်နီဇွဲလားတွင် မာဒူရို အာဏာဆက်လက်ချုပ်ကိုင်ထားနိုင်မှုတွင် စစ်ဘက်အရာရှိကြီးများ၏ သစ္စာခံမှုက အခရာဖြစ်သည်ဟု ရှုမြင်ကြသည်။ မာဒူရိုသည် ရုရှားနှင့် တရုတ်တို့၏ ကျားကန်ပံ့ပိုးပေးမှုကိုလည်း ရရှိနေသည်။

ဗင်နီဇွဲလား၏ အသက်သွေးကြောဖြစ်သော ရေနံတင်ပို့မှုသည် လာမည့်လ အနည်းငယ်အတွင်း တစ်လလျှင် စည် ၅၀,ဝ၀၀ လျော့ကျကာ နေ့စဉ်ထုတ်လုပ်မှု စည်တစ်သန်းအောက်သို့ ကျဆင်းသွား လိမ့်မည်ဆိုသော ခန့်မှန်းချက်များကို ရည်ညွှန်းပြောကြားသည့် အေဘရမ်က “ဒါက ဗင်နီဇွဲလားရဲ့ ဇာတ်လမ်း အထွတ်အထိပ်ပဲ”ဟု မှတ်ချက်ပေးသည်။ 

F-04