News

POST TYPE

NEWS

တရုတ်အစိုးရတင်သွင်းခွင့်ပိတ်၍ မူဆယ်တွင် ဆန်အိတ်ရေ ၁၀ သိန်းကျော်ပိတ်မိ
21-Mar-2019

မန္တလေး၊ မတ် ၂၁

တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် ဆန်လိုအပ်ချက်မြင့်မားနေသော်လည်း မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တရုတ်သို့ တရားမဝင်ဆန်တင်ပို့မှုများကို တရုတ်အစိုးရကဖမ်းနေသည့်အတွက် မူဆယ်တွင် ဆန်အိတ်ရေ ၁၀ သိန်းကျော်ပိတ်မိနေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ထို့ကြောင့်နယ်စပ်ဒေသတွင် တရားဝင်ဆန်တင်ပို့ရောင်းချနိုင်ရန် နှစ်ဖက်အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ပေးသင့်ကြောင်း မန္တလေး ဆန်ကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်က ပြောကြားသည်။

“နွေစပါးက ထွက်နေပြီလေ။ အဲဒါကိုမှ ပြည်ပမပို့ရရင် အခက်အခဲဖြစ်မယ်။ တောင်သူက တစ်နှစ် အဆင်မပြေရင် နောက်နှစ်တွေ ကျားကုတ်ကျားခဲ့ကြိုးစားရမယ်။ နလံမထူတော့ဘူးပေါ့။ အခုလို ပြဿနာတွေ မဖြစ်အောင် အချိန်မီအစိုးရက ကြိုးပမ်းပေးသင့်တာပေါ့။ အခု ကြိုးပမ်းမယ်ဆို အချိန်မှီသေးတာပေါ့”ဟု ဦးစိုင်းကျော်က ဆိုသည်။

နှစ်စဉ်မြန်မာနိုင်ငံ ဆန်ပြည်ပတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို မူဆယ်နယ်စပ်စခန်းမှ ဆန်လုံးရှည်အမျိုးအစားဆန်ကို အဓိကတင်ပို့နေရာ တရုတ်အစိုးရ၏ ယခုကဲ့သို့ ပိတ်ပင်ထားခြင်းနှင့်အတူ ဥရောပဘက်ကလည်း အခွန်တိုးမြှင့်ကောက်ခံတော့မည်ဖြစ်သည့်အတွက် တောင်သူများအတွက် အထိနာစေနိုင်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။

ထို့ကြောင့် လတ်တလောဆန်စပါးဈေးကွက်အတွင်း ဆန်လုံးရှည်စပါးဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ကထက် တင်းတစ်ရာလျှင် ကျပ်တစ်သိန်းခန့်အထိကျဆင်းနေသည့်အတွက် နွေစပါးစိုက်ပျိုးသူများအတွက် ထိခိုက်နစ်နာနိုင်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။ 

မြန်မာနိုင်ငံတွင် နွေစပါးစိုက်ဧက၏ ၈၀ ရာခိုင်နှုန်းကျော်သည် လုံးရှည်ဆန်စပါးအမျိုးအစားကို စိုက်ပျိုးကြပြီး လတ်တလောယင်းစပါးဈေးသည် တင်းတစ်ရာလျှင် ကျပ်ငါးသိန်းခွဲခန့်ရှိသော်လည်း ဝယ်လိုအားနည်းကြောင်း၊ ယင်းစပါးဈေးသည် ယခင်နှစ်က ကျပ်ခြောက်သိန်းခွဲအထိဈေးရှိကြောင်း ဆန်စပါးဈေးကွက်အတွင်းမှ သိရသည်။

ဥရောပကော်မရှင်သည် မြန်မာနိုင်ငံက တင်သွင်းသော ဆန်လုံးရှည် တစ်တန်လျှင် သွင်းကုန်အခွန်ကို ၂၀၁၉ ခုနှစ်တွင် ၁၇၅ ယူရို၊ ၂၀၂၀ ခုနှစ်တွင် ၁၅၀ ယူရိုနှင့် ၂၀၂၁ ခုနှစ်တွင် ၁၂၅ ယူရို ပြန်လည်ကောက်ခံမည်ဖြစ်ကြောင်း ၂၀၁၈ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

“အစိုးရအနေနဲ့ တည်ငြိမ်တဲ့ ဈေးကွက်တစ်ခု ဖော်ဆောင်ပေးသင့်တယ်။ ဒီလုပ်ငန်းက တစ်ကျပ်ရင်းရင် တစ်ကျပ် မမြတ်ဘူး။ အခုတိုင်းဆို ဒီနှစ်တောင်သူတွေ မပျော်နိုင်တော့ဘူး”ဟု မတ္တရာမြို့နယ်၊ ကန်လည်ခုံကျေးရွာမှ တောင်သူ ဦးမြင့်လွင်က ပြောကြားသည်။

ဆန်လုံးရှည် အမျိုးအစားများတွင် ရက် ၉၀ ၊ သီးထပ်၊ ဇီယာ၊ ပခန်း၊ ရတနာတိုး အစရှိသည်တို့ပါဝင်ပြီး မြန်မာနိုင်ငံတွင် နွေစပါးစိုက်ဧက ၂ သန်းကျော် စိုက်ပျိုးလေ့ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ သိရသည်။

M-08