News

POST TYPE

NEWS

တနင်္သာရီဝန်ကြီးနှစ်ဦး နုတ်ထွက်
21-Mar-2019



ထားဝယ်၊ မတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦးကို ယင်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

မတ်လ ၁၉ ရက်နေ့တွင် နုတ်ထွက်ခွင့် ပြုခဲ့ကြောင်း မတ်လ ၂၀ ရက်နေ့ နံနက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့ကို နုတ်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုဖြင့် ထိန်းသိမ်းခြင်း၊ ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခြင်းတို့ပြုပြီး တစ်ပတ်ကျော်အကြာတွင် ယင်းသို့ နုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဦးဖြိုးဝင်းထွန်းသည် အဂတိလိုက်စားသည်ဟုဆိုကာ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးတို့နှင့်အတူ မြိတ်ဒေသခံတို့ တိုင်ကြားခံထားရသူ ဖြစ်သည်။

ဦးကြည်လှိုင်သည် နိုင်ငံတော်သို့ ဂက်စ်ဖိုးအကြွေး ၉ ဘီလီယံကျော် ပေးသွင်းရမည့် GGS ကုမ္ပဏီနှင့် တိုင်းအစိုးရကြား ချုပ်ဆိုထားသည့် ကွက်လပ်များစွာ ပါဝင်နေသော ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း သဘောတူစာချုပ်တွင် လက်မှတ်ထိုးထားသူ ဖြစ်သည်။

ယင်းတို့နှစ်ဦးသည် ဝန်ကြီးရာထူးများမှ နုတ်ထွက်သွားသော်လည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားအဖြစ် ရှိနေဆဲဖြစ်သည်။

မတ်လ ၂၂ ရက်တွင် ကျင်းပမည့် လစ်လပ်ဝန်ကြီးချုပ် အမည်စာရင်းအဆို ပြုတင်သွင်းမည့် တိုင်းလွှတ်တော်အရေး ပေါ်အစည်းအဝေးကို ၎င်းတို့ နှစ်ဦးအား ခေါ်ယူထားပြီးဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

“သူတို့ အရေးပေါ်အစည်းအဝေး လာတက်ရမယ်၊ လာမတက်ရင် အကျိုးအကြောင်းပြပြီး ခွင့်ယူရမယ်”ဟု ဦးခင်မောင်အေးက ပြောသည်။

ဝန်ကြီးရာထူးမှ နုတ်ထွက်သွားကြသော ဦးဖြိုးဝင်းထွန်း၊ ဦးကြည်လှိုင်တို့အား မေးမြန်းနိုင်ရန် Dawei Watch မှ မတ်လ ၂၀ ရက်နေ့တွင် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

Dawei Watch