News

POST TYPE

NEWS

အဝေးပြေး ယာဉ်လိုင်းအများစု ဧပြီ ၁၂ ရက်နေ့အထိ လက်မှတ်ပြတ်
20-Mar-2019


ရန်ကုန်၊ မတ်၂၀

သင်္ကြန်ရုံးပိတ်ရက် ရန်ကုန်မှ နယ်ပြန်မည့် ခရီးစဉ်များအတွက် ဧပြီ ၁၀ မှ ၁၂ ရက်နေ့အထိ ကားလက်မှတ်ရောင်းရန်မရှိတော့ကြောင်း အောင်မင်္ဂလာ အဝေးပြေးကွင်းရှိ ယာဉ်လိုင်းအများစုထံမှ စုံစမ်းသိရှိရသည်။

သင်္ကြန်ပိတ်ရက်တွင် ရန်ကုန်မှ မွန်ပြည်နယ် သွားမည့် ခရီးစဉ်၊ ရန်ကုန်မှ မန္တလေးခရီးစဉ်များအတွက် ဧပြီ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်နေ့များအတွက် လက်မှတ်ကုန်သွားပြီဟု ၎င်းတို့က ပြောဆိုသည်။

“သင်္ကြန်ပြန်မယ့် မန္တလေး၊ မွန်၊ နေပြည်တော် ခရီးစဉ်နဲ့ အခြားခရီးစဉ် လက်မှတ်တွေက ဧပြီ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက် သုံးရက်လုံး ကုန်သွားပါပြီ။ ဒီလ ဒုတိယအပတ်ထဲက ရောင်းပေးနေတာပါ။ ၇ ရက်နဲ့ ၈ ရက်နေ့အတွက် လက်မှတ်တော့ ကျန်သေးတယ်။ ဈေးကတော့ ပုံမှန်အတိုင်းပဲ ရောင်းချပေးပါတယ်”ဟု မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ လက်မှတ်အရောင်းတာဝန်ခံတစ်ဦးက ပြောကြားသည်။

ဧပြီ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိအတွက် ရန်ကုန် - မန္တလေး ခရီးစဉ်လက်မှတ်များနှင့် ရန်ကုန် - နေပြည်တော်၊ ရန်ကုန် - မွန်ပြည်နယ် ခရီးစဉ်လက်မှတ်များ ပင်ရင်းဂိတ်များတွင် ကုန်သွားပြီဖြစ်ပြီး ဧပြီ ၆၊ ၇ ရက်များအတွက်သာ ရောင်းချရန်ကျန်ရှိတော့ကာ လက်မှတ်ဈေးနှုန်းတိုးမြင့်ထားခြင်းမရှိကြောင်း ကသစ်ပန်း ခရီးသွားလက်မှတ် အရောင်းဌာနမှ အရောင်းတာဝန်ခံတစ်ဦးက ပြောဆိုသည်။

“မန္တလေးပြန်ဖို့ ကားလက်မှတ်ဝယ်တာ ဧပြီ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်နေ့အတွက် လက်မှတ်က ဘယ်မှာမှ ဝယ်မရတော့ဘူး။ ကုန်သွားပြီပြောတယ်။ အနီးကပ်မှ မှောင်ခိုဈေးနဲ့ရောင်းတာ နှစ်စဉ် ပုံမှန်လိုဖြစ်နေပြီ။ ဒါတွေကို ထိထိရောက်ရောက် အရေးယူသင့်ပါတယ်”ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်လဲ့လဲ့ခိုင်က ပြောကြားသည်။

သင်္ကြန်ပိတ်ရက်ကာလအတွင်း နယ်ပြန်မည့် ခရီးသည်များ အဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ - YRTA အနေဖြင့် ယခုရက်ပိုင်းအတွင်း သတင်းထုတ်ပြန် ကြေညာပေးမည်ဖြစ်ကြောင်း YRTA မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

နှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်မီ ဧပြီလ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်များအတွက် ယာဉ်လိုင်းအများစု လက်မှတ်ကုန်သွားပြီဖြစ်သော်လည်း အချို့ဂိတ်များမှာမူ ကြိုတင်လက်မှတ် မရောင်းသေးဘဲ ဧပြီလ ၅ ရက်နေ့မှစတင်ကာ ခရီးစဉ်အလိုက်၊ နေ့ရက်အလိုက် ဦးရာလူစနစ်ဖြင့် ရောင်းခပေးမည်ဟု ကြေညာထားသည်။

အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် ယာဉ်လိုင်း ၁၁၈ လိုင်းရှိပြီး ယာဉ်စီးရေ ၉၀၀ ကျော်ဖြင့် ခရီးသည် ၄၀၀၀၀ ကျော်ကို နေ့စဉ် ပို့ဆောင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှသိရသည်။ 

J-10