News

POST TYPE

NEWS

မြန်မာသမ္မတရုံးဝက်ဘ်ဆိုက် ဆိုက်ဘာတိုက်ခိုက်ခံရ
20-Mar-2019


ရန်ကုန်၊ မတ် ၂၀

မြန်မာ သမ္မတရုံးဝက်ဘ်ဆိုက်ကို ဆိုက်ဘာတိုက်ခိုက်ခံရပြီး Deface ပြုလုပ်ခံခဲ့ရသည်။

မြန်မာသမ္မတရုံးဝက်ဘ်ဆိုက်ကို  ယခင်လွှင့်တင်ထားသည့် http://www.president-office.gov.mm/ အပြင် http://www.myanmarpresidentoffice.gov.mm/ နှင့်လည်း ကြည့်ရှုနိုင်စေရန် စီစဉ်ဆောင်ရွက်ထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၂၀၁၃ ခုနှစ်ကတည်းက သတင်းထုတ်ပြန်ထားသည်။

ယခု တိုက်ခိုက်ခံရသည့် ဝက်ဘ်ဆိုက်မှာ http://www.myanmarpresidentoffice.gov.mm ဖြစ်သည်။

ယခု တိုက်ခိုက်မှုသည် လတ်တလော ဖြစ်ပွားနေသည့် ဆိုက်ဘာစစ်ပွဲနှင့်သက်ဆိုင်ခြင်းမရှိဘဲ Defacement တွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် တောင်းဆိုထားခြင်းဖြစ်သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင် ၂ နှစ်၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် နှစ် ၂၀ ကို တစ်ပေါင်းတည်းကျခံရန်ချမှတ်ပြီးနောက် ယခုကဲ့သို့တိုက်ခိုက်ပြီး Deface ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လတ်တလော အခြေအနေများအရ မြန်မာနိုင်ငံ ကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (mmCERT) က ဆိုက်ဘာစစ်ပွဲဖြစ်ပွားနေချိန်တွင် အရေးပေါ် အခြေအနေ အထူးသတိပေးချက်ကို ထုတ်ပြန်ထားချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်း ဆိုက်ဘာလုံခြုံရေးပညာရှင်တစ်ဦးက “ပြောရရင်တော့ မလုံလို့ Hack ခံထိတာပါပဲ။ နည်းပညာရှင်တစ်ယောက်အနေနဲ့ Defacement အပေါ်မှာ ဘာရေးထားလဲဆိုတာ စိတ်မ၀င်စားဘူး။ ဒါပေမယ့် Hack ခံရလောက်တဲ့အထိ နိုင်ငံတော်ရဲ့ သမ္မတရုံး Website ကို ဂရုမစိုက်နိုင်တာကတော့ ဆိုက်ဘာလုံခြုံရေးအပိုင်းမှာ တော်တော်လေးကို အားနည်းတယ်လို့ ဆိုရမှာပဲ။”ဟု ဝေဖန်ပြောဆိုလိုက်သည်။

မြန်မာ့ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်ပြီးလည်း “ခုထိတော့ မြန်မာနိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးကို အားမရပါဘူး။ ပြင်ဆင်ဖို့ အများကြီးလိုအပ်ပါတယ်။ တစ်ချို့ ငွေရရင်ပြီးရော လုပ်တတ်တဲ့ Developer တွေကြောင့် လုံခြုံရေး ကျိုးပေါက်နေတာတွေ အများကြီးရှိပါတယ်။”ဟု လက်တလော ဘင်္ဂလားဒေ့ရှ်နှင့် ဆိုက်ဘာစစ်ပွဲဆင်နွှဲနေသည့် UGMH မြန်မာဟက်ကာအဖွဲ့က The Voice ၏ မေးမြန်းချက်ကို ဖြေကြားထားသည်။

မောင်မန်း