News

POST TYPE

NEWS

ကမ္ဘာပေါ်တွင် နွမ်းပါးသူများက ကြွယ်ဝသူများထက် ရေအတွက် ငွေပိုပေးနေရ
20-Mar-2019



နယူးယောက်၊ မတ် ၁၉

ယူနက်စကို၏ ကမ္ဘာ့ရေဖွံ့ဖြိုးရေးဆိုင်ရာ နှစ်စဉ်အစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရာ ကမ္ဘာပေါ်ရှိ လူပေါင်း ၂ ဒသမ ၁ ဘီလီယံခန့်သည် သန့်ရှင်းသော၊ သောက်သုံးနိုင်သောရေကို မရရှိနိုင်သေးဟု တင်ပြထားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ဘေးကင်းသော မိလ္လာသန့်ရှင်းမှုစနစ်ကို မရနိုင်သေးသူ အရေအတွက်မှာ ပို၍ပင်များပြားပြီး ၄ ဒသမ ၃ ဘီလီယံအထိ ရှိနေသည်ဟု ကုလသမဂ္ဂအစီရင်ခံစာက တင်ပြထားသည်။

ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလမ်းပေါ်တွင် ကျန်ရစ်သူ တစ်ဦးမှမရှိစေရေးတို့အတွက် ခေတ်မီသော ရေအရင်းအမြစ် စီမံခန့်ခွဲမှု စနစ်နှင့် ဘေးကင်းသော ရေနှင့် မိလ္လာ သန့်ရှင်းမှုစနစ်တို့ကို ရရှိရန် မရှိမဖြစ်လိုအပ်သည်ဟု ယူနက်စကို၏ ၂၀၁၉ အစီရင်ခံစာ “မည်သူမှ နောက်တွင် မကျန်ရစ်ရေး”တွင် ဖော်ပြထားသည်။

ရေရှားပါးမှု မြင့်တက်လာခြင်းကို ကြိုတင်မှန်းဆသိရှိနိုင်ပြီး ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်လာလိမ့်မည်ဟု အစီရင်ခံစာက သတိပေးထားသည်။

၂၀၅၀ တွင် ကမ္ဘာ့ ဂျီဒီပီ ၄၅ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကောက်ပဲသီးနှံထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းတို့သည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ရေအရင်းအမြစ် မရရှိမှုတို့၏ ခြိမ်းခြောက်ခြင်းကို ခံရလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။ ယူနက်စကို အစီရင်ခံစာ၏ ခေါင်းစဉ်သည် ရေရရှိမှု မညီမျှသောအချက်ကို ရည်ညွှန်းထားသည်။ ဆင်းရဲနွမ်းပါးသော အဖိနှိပ်ခံ အသိုင်းအဝိုင်းများသည် ကောင်းမွန်သော ရေနှင့် သန့်ရှင်းမှုစနစ်ကို ရရှိရန် အကန့်အသတ်များ ပိုရှိနိုင်သည်ဟု ယူနက်စကိုက ပြောကြားသည်။

အစီရင်ခံစာ ဦးဆောင်တည်းဖြတ်သူ ရစ်ခ်ျကော်နာက မြို့ကြီးများရှိ ကြွယ်ဝသော နေအိမ်များသည် ပိုက်လိုင်းရေ တစ်လီတာအတွက် ငွေအနည်းအကျဉ်းသာ ပေးရသော်လည်း ဆင်ခြေဖုံးနှင့် ကျူးကျော်ရပ်ကွက်များတွင် နေထိုင်သူများသည် ရေကားများ၊ ရေရောင်းချသောဆိုင်များထံမှ ၁၀ ဆမှ အဆ ၂၀ အထိ ပိုမိုပေးချေ သုံးစွဲနေရသည်ဟု ပြောကြားသည်။

“အယူအဆကလည်း လွဲနေကြတယ်။ သူတို့က မတတ်နိုင်တော့ ရေမရဘူးလို့ ထင်နေကြတယ်”ဟု ကော်နာက ပြောကြားသည်။ ကမ္ဘာပေါ်တွင် သန့်ရှင်းသော သောက်ရေ မရသည့် လူဦးရေ၏ ထက်ဝက်မှာ အာဖရိကတွင် နေထိုင်ကြသည်။ အထူးသဖြင့် အာဖရိက ဆာဟာရဒေသရှိ လူဦးရေ၏ ၂၄ ရာခိုင်နှုန်းမျှသာ ဘေးကင်းသော သောက်ရေကို ရရှိနိုင်ကြသည်။

ယူနက်စကို၏ ဂျာမနီဘုတ်အဖွဲ့မှ မစ္စအူလာဘားချတ်က အဆိုပါကိစ္စအပေါ် ဂျာမနီနိုင်ငံက ပိုမိုဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။

F-04