News

POST TYPE

NEWS

အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေ အသစ်ပြင်ဆင်ပြဋ္ဌာန်းမည်
20-Mar-2019

ရန်ကုန်၊ မတ် ၂၀

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကို ယခု ၂၀၁၉ ခုနှစ်တွင် အသစ်ပြင်ဆင်ပြဋ္ဌာန်းရန်နှင့် ထပ်မံဖြည့်စွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကို ၂၀၁၆ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းပြဋ္ဌာန်းခဲ့ပြီးသည့် ဥပဒေပုဒ်မများသည် အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ်အကာအကွယ်ပေးရေးအဖွဲ့က ချမှတ်ထားသည့် ဥပဒေပုဒ်မများနှင့် ကိုက်ညီမှုရှိရန် လိုအပ်နေသောကြောင့် ပြင်ဆင်ပြဋ္ဌာန်းရန်နှင့် ဖြည့်စွက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ယင်းဌာနထံမှ သိရသည်။

၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေပုဒ်မများကို ပြင်ဆင်ခြင်း၊ ထပ်မံဖြည့်စွက်ခြင်းများဆောင်ရွက်ပြီး ၂၀၁၉ ခုနှစ် အပင်မျိုးသစ်အကာအကွယ်ပေးရေး အဆိုပြုဥပဒေ (မူကြမ်း) ကို အခန်း (၁၁) ခန်း၊ ပုဒ်မ (၄၆) ခုဖြင့် အသစ်ပြဋ္ဌာန်းရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတို့ကို အသီးသီးတင်ပြ၍ စိစစ်ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

ယင်းအဆိုပြုဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် အခန်း ၁ ခုချင်း၊ အဆိုပြုပုဒ်မ အပိုဒ်တစ်ပိုဒ်ချင်းစီအပေါ် စိစစ်ခဲ့ပြီး သုံးသပ်ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေအရ အပင်မျိုးသစ်မွေမြူသူများသည် မိမိတို့မွေးမြူထုတ်လုပ်ထားသည့် အပင်မျိုးသစ်များ ကာကွယ်ခွင့်ရရှိရန်အတွက် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားဝင်လျှောက်ထားနိုင်မည်ဖြစ်သည်။

J-11