News

POST TYPE

NEWS

ဓာတ်ရထားပေါ်တွင် လူသုံးဦးကို ပစ်သတ်ခဲ့သော တူရကီလူမျိုးတရားခံ ဒတ်ချ်ရဲ ဖမ်းဆီး
20-Mar-2019


အူထရက်ချ်၊ မတ် ၁၉

နယ်သာလန်နိုင်ငံ အူထရက်ချ်မြို့တွင် တနင်္လာနေ့က ဓာတ်ရထားတစ်စင်းပေါ်တွင် သုံးဦး သေဆုံးပြီး ငါးဦးဒဏ်ရာရအောင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သော တူရကီလူမျိုး တရားခံကို ဒတ်ချ်ရဲက ဖမ်းဆီးလိုက်ပြီဟု Reuters သတင်းတွင် ဖော်ပြထားသည်။

တရားခံ ဂုတ်မန်းတာနစ် ၃၇ နှစ်ကို နာရီပေါင်းများစွာ လိုက်လံရှာဖွေခဲ့ကြပြီးနောက် အချုပ်ခန်းထဲသို့ ထည့်ထားလိုက်ပြီဟု ဒတ်ချ်ရဲက ပြောကြားသည်။

တနင်္လာနေ့က နံနက်ခင်း အသွားအလာရှုပ်ထွေးချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက အကြမ်းဖက်တိုက်ခိုက်မှုဟု ယူဆကာ မြို့ကိုပိတ်ထားလိုက်ကြပြီး ဂုတ်မန်းတာနစ်၏ ဓာတ်ပုံကို ထုတ်ပြန်ကာ ၎င်းအနားသို့ မကပ်ကြရန် လူထုကို သတိပေးခဲ့ပြီး နေရာအနှံ့ စီးနင်းရှာဖွေခဲ့ကြသည်။

သို့သော် နာရီပိုင်းအကြာတွင်မူ ပစ်ခတ်မှုသည် မိသားစုအိမ်တွင်းရေး ပြဿနာမှန်း ပေါ်လွင်လာခဲ့သည်။ သေနတ်သမားသည် ရထားပေါ်တွင် ၎င်း၏ ဆွေမျိုးတစ်ဦးကို ပစ်ခတ်ခဲ့ပြီး သူမအား ကူညီသူများကို ဆက်လက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တူရကီသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

တူရကီသမ္မတ အာဒိုဂန်ကလည်း အကြမ်းဖက်တိုက်ခိုက်မှုလား၊ ကိုယ်ရေးကိုယ်တာ ပြဿနာလားဆိုသည်ကို တူရကီ ထောက်လှမ်းရေးက စုံစမ်းနေသည်ဟု ပြောကြားသည်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းအထိ အူထရက်ချ်တွင် အကြမ်းဖက်အန္တရာယ် သတိပေးချက် တပ်လှန့်ထားပြီး စာသင်ကျောင်းတံခါးများ ပိတ်ထားကြရန် ညွှန်ကြားထားကာ လေဆိပ်အပါအဝင် အရေးကြီးနေရာများ၌ လုံခြုံရေးကို တင်းကျပ်ထားခဲ့သည်။

တရားခံကို ဖမ်းဆီးရမိပြီးနောက်တွင်မူ အန္တရာယ်သတိပေးမှုအဆင့်ကို တစ်ဆင့်လျှော့ချခဲ့သည်။ 

သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်တွင် ဒတ်ချ်ဝန်ကြီးချုပ် မတ်ခ်ရုဒ်က အူထရက်ချ်ပစ်ခတ်မှုကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့ကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေကိုလည်း ဖယ်ထုတ်မထားကြရန် ပြောကြားခဲ့သည်။

ဓာတ်ရထားပေါ်ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ငါးဦးအနက်သုံးဦးမှာ စိုးရိမ်ရသည်ဟု အူထရက်ချ် မြို့တော်ဝန် ဂျန်ဗန်ဇာနန်က ပြောကြားသည်။

တရားခံသည် ယခင်ကလည်း အဖမ်းခံရဖူးသူဖြစ်သည်ဟု အစိုးရရှေ့နေ ရတ်ဂျာဂျူကင်က သတင်းထောက်များအား ပြောကြားသည်။

အခင်းဖြစ်ပွားချိန်တွင် ဓာတ်ရထားပေါ် လိုက်ပါလာသူ မျက်မြင်သက်သေ ဒန်းမိုလင်နာက “တကယ်ကို ရူးသွပ်နေပုံရတဲ့ လူတစ်ယောက်က ပစ္စတိုကို ကိုင်ထားတာဗျ။ ကျွန်တော်က အကြမ်းဖက်တိုက်ခိုက်မှုလို့ မထင်မိဘူး။ ကျွန်တော်ထင်တာက လက်စားချေတာလား။ ဒါမှမဟုတ် တစ်ခုခု များလားပေါ့”ဟု ပြောကြားသည်။

F-04


  • VIA