News

POST TYPE

NEWS

မိုဇမ်ဘစ်တွင် တိုက်သွားသောမုန်တိုင်းကြောင့် လူတစ်ထောင်ကျော်သေဆုံးဟု အတည်ပြု
20-Mar-2019


မာပူတို၊ မတ် ၁၉

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကမိုဇမ်ဘစ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်သွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ တစ်ထောင်ကျော်သွားခဲ့ပြီဖြစ်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အိမ်နီးချင်းနိုင်ငံ ဇင်ဘာဘွေကိုလည်း မုန်တိုင်းက ထိခိုက်ခဲ့လေရာ ပျောက်ဆုံးသူ ၂၀၀ ကျော်လည်း ရှိနေသည်။

မုန်တိုင်းက ဇင်ဘာဘွေထဲသို့ ဝင်မသွားခင် မိုဇမ်ဘစ်နိုင်ငံအလယ်ပိုင်းကို ဝင်ရောက်ခဲ့ပြီး လေပြင်းများတိုက်ခြင်းနှင့် ရေကြီးခြင်းတို့လည်း ဖြစ်ပွားလျက်ရှိသည်။ 



“အစပိုင်းက လူ ၈၄ ဦး သေတယ်လို့ပဲ သိထားတာ။ ဒါပေမဲ့ ကျွန်တော်တို့ ဧရိယာကို သွားကြည့်တဲ့အခါ သေဆုံးသူ အရေအတွက်ဟာ တစ်ထောင်ကျော်နိုင်ပါတယ်”ဟု မိုဇမ်ဘစ် သမ္မတဖိလစ်ပီနျူစီက ပြောကြားသည်။

“ခုအဖြစ်အပျက်ဟာ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပါတယ်။ လူတစ်သိန်းကျော်လောက်အတွက် အန္တရာယ်ရှိပါတယ်”ဟု သမ္မတက ဆက်လက်ပြောကြားသည်။ 

ခရစ်ယာန်ပရဟိတအဖွဲ့တစ်ဖွဲ့မှ ထုတ်ပြန်သော လေကြောင်းဓာတ်ပုံအရ ဒုက္ခသည်များစွာသည် နေအိမ်ခေါင်မိုးများပေါ်တွင် တက်ထိုင်နေရလျက်ရှိသည်။ 

“ဘိုင်ရာမြို့မှာဖြစ်ခဲ့တဲ့ ပျက်စီးထိခိုက်မှုများက ကြီးမားလွန်းပြီး ကြောက်စရာကောင်းပါတယ်”ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ချုပ်က ထုတ်ပြန်ထားသေးသည်။

ရေဘေးသင့်ရာမြို့၏ ၉၀ ရာခိုင် နှုန်းနှင့် လူငါးသိန်းကျော်၏ စားဝတ်နေရေးများကို ထိခိုက်ပျက်စီးသွားသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။ 

“အခြေအနေတွေက ဆိုးပါတယ်။ အပျက်အစီးက အလွန်ကြီးမားပါတယ်”ဟု IFRC အဖွဲ့မှ ဂျေမီလီဆူရာက ပြောကြားသည်။

“အကုန်လုံးလောက်နီးပါးက ပျက်စီးသွားခဲ့ပါတယ်။ ဆက်သွယ်ရေးတွေလည်း ပြတ်တောက်ကုန်တယ်။ လမ်းတွေလည်း ပျက်စီးပြီး ရေဘေးဒဏ်သင့်ဒေသတွေကို သွားလို့မရပါဘူး”ဟု ၎င်းက ထောက်ပြသွားသည်။  

F-02


  • VIA