News

POST TYPE

NEWS

ရန်ကုန်ရှိ မြို့နယ် ၂၁ မြို့နယ် ရေပြတ်မည်
20-Mar-2019

ရန်ကုန်၊ မတ် ၁၉

ရန်ကုန်တိုင်းအတွင်း မြို့နယ် ၂၁ မြို့နယ်တွင် မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ မှ ည ၈ နာရီအထိ ရေပေးဝေမှု ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ထုတ်ပြန်ကြေညာသည်။

ရန်ကုန်မြို့တွင်းသို့ ရေပေးဝေနေသည့် ရေကူးရေတွန်းစက်ရုံတွင် ရေတွန်းစက်နှင့် လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများနှင့် ငမိုးရိပ်ရေသန့်စက်ရုံ (ညောင်နှစ်ပင်) ၏ ပထမအဆင့် ရေပိုက်လိုင်းများ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိသဖြင့် ရေပေးဝေခြင်း လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းရခြင်းဖြစ်ကြောင်း မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေပြတ်တောက်မည့် မြို့နယ်များမှာ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံ မြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်တို့ဖြစ်သည်။

ရေပြတ်တောက်မည့်မြို့နယ်များအနေနှင့် ရေအားလျော့နည်းခြင်းနှင့် ခေတ္တရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ရေကြိုတင်စုဆောင်းထားကြရန် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အသိပေးထားသည်။ 

J-10