News

POST TYPE

NEWS

လျှပ်စစ်မီတာခများကို ကားဖြင့်လိုက်ကောက်သည့်စနစ် ဖျက်သိမ်း
19-Mar-2019
မော်လမြိုင်၊ မတ် ၁၉

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်တွင် MCC ကုမ္ပဏီမှ လျှပ်စစ်မီတာခများကို ကားဖြင့် လိုက်လံကောက်ယူပေးနေသည့်စနစ်ကို ဧပြီလ ၁ ရက်နေ့မှစ၍ ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်ရုံးထံမှ သိရသည်။

ကားဖြင့်လိုက်ကောက်သည့်စနစ် ဖျက်သိမ်းမည်ဖြစ်၍ ဒေသခံပြည်သူများအနေနှင့် လျှပ်စစ်မီတာခများကို သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများနှင့် OSS ရုံး (One Stop Service) တို့တွင် ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်ဌာနမှ လက်ထောက်ဘဏ္ဍာရေးမှူး ဒေါ်ဝေမာအေးလွင်က ပြောကြားသည်။

“ပြည်သူကတော့ သိချင်မှသိမယ်၊ လျှပ်စစ်ဖြန့်ဖြူးရေးက ကိုင်ထားတဲ့မြို့တွေ မှာ ကုမ္ပဏီနဲ့ဖက်စပ်လုပ်တာရှိတယ်။ အခုက အစ်မတို့က e-Government စနစ်ကို တဖြည်းဖြည်းသွားမှာ။ ကုမ္ပဏီနဲ့ ဖက်စပ် လုပ်တယ်ဆိုတာ သူတို့ဆီက နည်းပညာလိုချင်လို့။ ကိုယ့်ဝန်ထမ်းတွေကိုသင်တန်းပေးပြီး ကိုယ့်ဝန်ထမ်းတွေနဲ့ လုပ်မယ့်စနစ်ကို ပြောင်းတော့မှာပါ၊ စနစ်ပြောင်းစမှာ ပြည်သူတွေအတွက် အခက်အခဲ ဖြစ်နိုင်ပါလိမ့်မယ်”ဟု ၎င်းကရှင်းပြသည်။

ယခုကဲ့သို့ ကုမ္ပဏီက ကောက်ယူပေးနေသည့်စနစ်ကို မွန်ပြည်နယ် သာမက ကုမ္ပဏီဖြင့် ဖက်စပ်လုပ်ကိုင်သော အခြား တိုင်းနဲ့ ပြည်နယ်များတွင်ပါ ရပ်ဆိုင်းထားရန် ဗဟိုလျှပ်စစ်ရုံးချုပ်မှ ညွှန်ကြားထားကြောင်းလည်း မွန်ပြည်နယ် လျှပ်စစ်ရုံးထံမှ ထပ်မံသိရသည်။

“မီးလင်းရေးကော်မတီက ကိုင်ထားတဲ့နေရာတွေမှာဆိုရင်တော့ ကုမ္ပဏီက နားလိုက်ပေမယ့် အပြောင်းအလဲ မရှိဘူး”ဟု ဒေါ်ဝေမာအေးလွင်က ပြောဆိုသည်။

ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှလွဲ ၍ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလက်အောက်ရှိ လျှပ်စစ်ဓာတ်အား သုံးစွဲနေသည့် တိုင်းနှင့်ပြည်နယ် အားလုံးရပ်ဆိုင်းထားရန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် ကြေညာပေးထားကြောင်း မွန်ပြည်နယ်လျှပ်စစ်ရုံးမှ ဒုပြည်နယ်မှူး (လျှပ်စစ်အင်ဂျင်နီယာ) ဦးကျော်စိုးက ဖြည့်စွက်ပြောကြားသည်။

“လျှပ်စစ်ဝန်ထမ်းတွေအနေနဲ့ မီတာခ ကောက်ခံမှုကို ပိတ်ရက်မရှိ ကောက်ခံပေးမယ်၊ အခါကြီး ရက်ကြီးဖြစ်တဲ့ သြင်္ကန်ရက်တွေမှာလည်း မနားပါဘူး ကောက်ခံပေးမှာပါ၊ မနက် ၈ နာရီကနေ ဘဏ်ပိတ်ချိန်အထိ လက်ခံပေးပါတယ်၊ လျှပ်စစ်မီတာခငွေတွေကို ဘဏ်ကိုသွင်းရမှာမို့ ဘဏ်ပိတ်ချိန်နဲ့ တိုက်ထားရပါတယ်”ဟု ၎င်းက ရှင်းပြသည်။

မော်လမြိုင်မြို့နယ်တွင် လျှပ်စစ် မီတာဘောက် ၅၅,၆၀၀ ကျော်ရှိရာ လျှပ်စစ်မီတာခများကို OSS ရုံး၊ မုပွန်လျှပ်စစ်ရုံးနှင့် ပြည်နယ်လျှပ်စစ်ရုံး (မိုင်နာကွင်း) တို့တွင် ပေးဆောင်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်ရုံးထံမှ သိရသည်။

R-21