News

POST TYPE

NEWS

ရန်ကုန်တိုင်းအတွင်းရှိ ဈေးများ၌ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းစာရင်း ဗီနိုင်းများကပ်မည်
19-Mar-2019

ရန်ကုန်၊ မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများ၌ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းစာရင်း ဗီနိုင်းများကို မကြာမီရက်ပိုင်းအတွင်း ကပ်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဗီနိုင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေး ၄၅ ခုတွင်ကပ်ရန်စီစဉ်ထားပြီး ယင်းပစ္စည်းများသည် ၂၀၁၈ ခုနှစ်အတွင်း တရားဝင် ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“တစ်နေ့တည်း ကပ်တာတော့ မဟုတ်ဘူး။ အလှကုန်တွေ အဓိက ရောင်းတဲ့ဈေးတွေမှာ ကပ်သွားမယ်”ဟု FDA မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းအလှကုန်ပစ္စည်းများတွင် Mercury, Hydroquinane, Retinoic Acid, Rhodamine B စသည့် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ ပါဝင်နေကြောင်း၊ ထိုပစ္စည်းများသည် ထိုင်းနှင့် တရုတ်နိုင်ငံထုတ် အလှကုန်ပစ္စည်းများ အများဆုံးဖြစ်ကြောင်း FDA က ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် အလှကုန်ပစ္စည်းတင်သွင်း ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများနှင့် လက်လီ၊ လက်ကားဆိုင်များသည် FDA တွင် မှတ်ပုံတင်ထားခြင်းမရှိသည့် အများပြည်သူသုံးစွဲရန်မသင့်ကြောင့် ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ)အရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

J-12