News

POST TYPE

NEWS

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ထောက်ဒဏ် ၂၀ နှစ်ချမှတ်
19-Mar-2019

စစ်တွေ၊ မတ် ၁၉

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ ကို မတ်လ ၁၉ ရက်နေ့ တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၂၀ နှစ်ချမှတ်လိုက်သည်။

၎င်းတို့နှစ်ဦးသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ ၁၅ ရက်နေ့ ရသေ့တောင်မြို့တွင် ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ အထိမ်မှတ်အဖြစ် စာပေဟောပြောရာ၌ နိုင်ငံတော်အစိုးရအား ပုန်ကန်သည့်စာသားများ ပါဝင်သည်ဟုဆိုကာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ အတွက် ထောင်ဒဏ် နှစ် ၂၀၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် ချက်မှတ်လိုက်ခြင်းဖြစ်သည်။

သို့သော် အမှုနှစ်ခုလုံးအတွက် ပြစ်ဒဏ် တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ကျခံရမည်ဖြစ်ကြောင်း ဝေဟင်အောင်၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်ကရှင်းပြသည်။

“အမှုမှာ လိုပြသက်သေတွေနဲ့ ခံပြသက်သေတွေကို စစ်တဲ့အခါ လုံးဝ မပေါ်ပေါက်တဲ့အချက်ကိုပါ ဆွဲထည့်ပြီးတော့ စီရင်သုံးသတ်တာကို ကြားလိုက်ရတယ်။ ဘာသုံးသပ်လည်း ဒီဟောပြောပွဲနောက်မှာပဲ အခုဆိုရင် AA အဖွဲ့နဲ့ ဒီလိုအုပ်ချုပ်ရေးတွေ ပျက်ပြားအောင်ဖြစ်ပေါ်နေတယ်။ ဒီလိုဖြစ်နေပါတယ်ဆိုတာ လိုပြသက်သေတွေရဲ့ထွက်ချက်မှာ လုံးဝ မပေါ်ပေါက်ခဲ့ဘူး။ မပေါ်ပေါက်တဲ့အချက်ကို အခုဒီအမှုမှာ ဆွဲထည့်သုံးသတ်တာ ဥပဒေနဲ့မညီဘူး တရားစီရင်ရေး တိမ်းစောင်းတယ်”ဟု ဒေါ်အေးနုစိန်က ဆိုသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ပြည်နယ်တရားလွှတ်တော်ရုံးသို့ အယူခံဝင်မည်၊ မဝင်မည်ကို ကာယကံရှင်များ၏ သဘောဆန္ဒသာဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေများက ဆိုကြသည်။

“ဘယ်လို နည်းနဲ့မှ ဒီဥစ္စာတွေကို လက်မခံနိုင်ဘူး။ ဒါပေမယ့် ဖြစ်လာမယ့် ပြသနာတွေကို ဥပဒေပေါင်အတွင်းက ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ရမယ်။ ဒီလိုချက်လိုက်တာဟာ တရားမျှတမှု လုံးဝမရှိဘူး”ဟု ရခိုင်အမျိုးသားပါတီ (ANP) စစ်တွေမြို့နယ်ရုံးမှ ဥက္ကဋ္ဌ ဦးအောင်ဌေး ကပြောသည်။

တရားရုံးအတွင်းအပြင်၌ လုံခြုံရေးတင်းကျပ်စွာ ချမှတ်ထားကာ ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်တို့အား ယခုလို အမိန့်ချလိုက်ခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့၏သဘောဆန္ဒကို မေးမြန်းခွင့်မရရှိခဲ့ပေ။

“အမှုသည်က ဒီတရားစီရင်ရေးဟာ သူ့ရဲ့ အယူခံပိုင်ခွင့်အရ ဖြောင့်မှန်စွာ တရားစီရင်ခွင့် ရှိလိမ့်မယ်လို့ယူဆရင် အယူခံတက်ရောက်လိမ့်မယ်။ ဘယ်လောက်ပဲ ဥပဒေတွေပြဋ္ဌာန်းထားပေမယ့် ဆန္ဒဇွဲ၊ အငြိုးတွေနဲ့ ဒီလိုသာ စီရင်ဆုံးဖြတ်တယ်လို့ ယူဆရင်တော့ အယူခံတက်မှာ မဟုတ်ဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က သုံးသပ်သည်။

R-22