News

POST TYPE

NEWS

ဗင်နီဇွဲလားအစိုးရကို ထဲထဲဝင်ဝင် ပြုပြင်ဖွဲ့စည်းရန် မာဒူရိုစီစဉ်
19-Mar-2019



ကာရာကတ်စ်၊ မတ် ၁၈

အတိုက်အခံများနှင့် အာဏာလွန်ဆွဲပွဲ ဖြစ်ပေါ်နေသည့်အပြင် ကြာမြင့်စွာ ဓာတ်အားပြတ်တောက်မှုမှ ပြန်လည်ရုန်းထနေရသော ဗင်နီဇွဲလားနိုင်ငံတွင် ဆိုရှယ်လစ်သမ္မတ မာဒူရိုက ၎င်း၏အစိုးရအဖွဲ့အား ထဲထဲဝင်ဝင် ပြုပြင်ဖွဲ့စည်းရန် စီစဉ်နေသည်ဟု ဒုတိယသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“ဘော်လီဗာနဲ့ ချာဗက်စ်တို့ရဲ့ ဗင်နီဇွဲလား အဖနိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ဆိုရှယ်လစ်အစိုးရရဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ လုပ်ငန်းတာဝန်တွေကို ထဲထဲဝင်ဝင် ပြုပြင်တည်ဆောက်ဖို့ ပြန်လည် သုံးသပ်တဲ့လုပ်ငန်းစဉ်မှာ တာဝန်ယူကြဖို့ အစိုးရတစ်ဖွဲ့လုံးကို သမ္မတမာဒူရိုက တိုက်တွန်းလိုက်ပါတယ်”ဟု ရိုဒရီဂွက်ဇ်က twitter တွင် ပြောကြားခဲ့သည်။ ၎င်းရည်ညွှန်းသူများမှာ လွတ်လပ်ရေးခေါင်းဆောင် ဆိုင်မွန်ဘော်လီဗာနှင့် ယခင်သမ္မတ ဟူဂိုးချာဗက်ဇ်တို့ ဖြစ်သည်။

ရေနံထုတ်လုပ်ရောင်းချမှုမှ ဝင်ငွေရရှိခဲ့သော်လည်း ငွေကြေးဖောင်းပွကာ စီးပွားရေးပြိုလဲမှု၊ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်တောက်မှု၊ နိုင်ငံသားများ အစုအပြုံလိုက် ထွက်ခွာမှုတို့ကို တွေ့ကြုံနေရသော ဗင်နီဇွဲလားနိုင်ငံတွင် အရာရာရပ်ဆိုင်းသွားစေသော သီတင်းတစ်ပတ်ကြာ ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အစိုးရပြုပြင်ဖွဲ့စည်းရေးအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ သီတင်းတစ်ပတ်ကြာ ဓာတ်အားပြတ်တောက်မှုနှင့်ပတ်သက်၍ သမ္မတ မာဒူရိုက အမေရိကန်၏ ဆိုက်ဘာတိုက်ခိုက်မှုနှင့် အတိုက်အခံများ၏ ပူးပေါင်းကြံစည် ဖျက်ဆီးမှုတို့ကြောင့်ဖြစ်သည်ဟု အပြစ်ဖို့လျက်ရှိသည်။ သို့ရာတွင် ပြည်တွင်းမှ လျှပ်စစ်အင်ဂျင်နီယာများကမူ နိုင်ငံ၏ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းကွန်ရက်များတွင် နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု မပြုခဲ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှု မရှိခဲ့ခြင်းတို့ကြောင့်ဖြစ်သည်ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ 

ဆိုရှယ်လစ်အာဏာရှင် သမ္မတ မာဒူရိုသည် ၎င်း၏ သမ္မတရာထူးအပေါ် လွှတ်တော်ဥက္ကဋ္ဌ အတိုက်အခံခေါင်းဆောင် ဂွါအီဒို၏စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။ အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက မာဒူရို ပြန်လည်ရွေးကောက်ခံရသော ၂၀၁၈ မေလ ရွေးကောက်ပွဲသည် အခြေခံဥပဒေ အရ ဘောင်ဝင်ခြင်းမရှိဟု ထောက်ပြခဲ့ပြီး သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ကြေညာထားသည်။

ဂွါအီဒို၏ ယာယီသမ္မတအဖြစ် ကြေညာမှုကို အမေရိကန်၊ ကနေဒါ၊ အီးယူနှင့် လက်တင်အမေရိကနိုင်ငံများက အသိအမှတ်ပြု ထောက်ခံထားကြသည်။

မာဒူရိုသည် ၂၀၁၃ တွင် အာဏာရလာပြီးကတည်းက အစိုးရအဖွဲ့ဝင်များကို အကြိမ်ကြိမ်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး စစ်ဘက်အရာရှိများကို ရေနံ၊ ပြည်ထဲရေးနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနများကို ဦးဆောင်ရန် ခန့်အပ်တာဝန်ပေးခဲ့သည်။

စနေနေ့က နိုင်ငံတောင်ပိုင်းရှိ လျှပ်စစ်ဝန်ထမ်းများကို တွေ့ဆုံရာတွင် သမ္မတမာဒူရိုက နိုင်ငံပိုင် ကော်ပိုလက် လျှပ်စစ်ဓာတ်အားကုမ္ပဏီကို ပြုပြင်တည်ဆောက်ရန် ကတိပြုခဲ့ပြီး ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်ရန် စစ်တပ်အတွင်း ဌာနတစ်ခု ဖွဲ့စည်းမည်ဟု ကတိပေးပြောဆိုခဲ့သည်။  

F-04