News

POST TYPE

NEWS

သကြားပြီးပြတ်အောင်မတင်ပို့နိုင်ပါက Re-export ကုမ္ပဏီ ၁၀၃ ခုကို ပို့/သွင်းကုန်မှတ်ပုံတင် ပိတ်သိမ်းမည်
19-Mar-2019

ရန်ကုန်၊ မတ် ၁၉

ကုန်ကြမ်းသွင်း ကုန်ချောထုတ် (Re-export) စနစ်ဖြင့် သကြားတင်ပို့ခွင့်ပြုထားသည့် ကုမ္ပဏီ ၁၀၃ ခုသည် မတ်လ ၃၁ ရက်နေ့အထိ သကြားပြီးပြတ်အောင် မတင်ပို့နိုင်ပါက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်များကို ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

ယင်းကုမ္ပဏီ ၁၀၃ ခုသည် ပို့ကုန်လိုင်စင်သက်တမ်း ၃ လ၊ ပထမအကြိမ်သက်တမ်းတိုး ၂ လ၊ ဒုတိယအကြိမ် သက်တမ်းတိုး ၁ လ သက်တမ်းတိုးမြှင့်ခဲ့ပြီး စုစုပေါင်းလိုင်စင် သက်တမ်းကာလ ၆ လအတွင်း ပြီးပြတ်အောင် တင်ပို့နိုင်ခြင်းမရှိသည့် ယင်းကုမ္ပဏီများကို Re-export ကတ်ရုပ်သိမ်းခြင်းနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် ၆ လပိတ်သိမ်းရန် မတ်လ ၁၁ ရက်နေ့က စာထုတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းကုမ္ပဏီများဘက်က ပို့ကုန်တင်ပို့ရန်ဆောင်ရွက်နေစဉ် အခက်အခဲများကြုံတွေ့နေရသည်ဟု တင်ပြလာသဖြင့် မတ်လ ၃၁ ရက်နေ့အထိ ပို့ကုန်လုပ်ငန်းများဆောင်ရွက်ရန် ကုန်သွယ်ရေးဦးစီးဌာနက မတ်လ ၁၂ ရက်နေ့က ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

“ဒီကုမ္ပဏီတွေက သတ်မှတ်ကာလအတွင်း ပြည့်မီအောင်မတင်ပို့နိုင်ဘူးဆိုရင် Re-export ကတ် ရုပ်သိမ်းတာတွေနဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ပိတ်သိမ်းတာတွေလုပ်မှာ”ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက ပြောကြားသည်။

မတ်လ ၃၁ ရက်နေ့အထိ စာရင်းရှင်းလင်းခြင်းမပြုနိုင်သည့် ကုမ္ပဏီများကို ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ပိတ်သိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

J-11