News

POST TYPE

NEWS

ဆိုင်ကလုံးအိုက်ဒေးကြောင့် ဇင်ဘာဘွေနှင့် မိုဇမ်ဘစ်တွင် သေဆုံးမှုနှုန်းမြင့်တက်
19-Mar-2019



ဟာရာရီ၊ မတ် ၁၈

အပူပိုင်းဆိုင်ကလုံး အိုက်ဒေးကြောင့် ဇင်ဘာဘွေနှင့် မိုဇမ်ဘစ်တွင် လူပေါင်းတစ်ရာကျော် သေဆုံးခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

လူပေါင်းများစွာ ပျောက်ဆုံးနေသောကြောင့် သေဆုံးမှုနှုန်း မြင့်တက်လာဦးမည်ဟု နှစ်နိုင်ငံစလုံးမှ အာဏာပိုင်များက တနင်္ဂနွေနေ့က သတိပေးထားသည်။

ယခုအခါ ရာသီဥတု ကြည်လင်လာပြီ ဖြစ်သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း စတင်နေပြီဖြစ်သည်။

သောကြာနေ့နှင့် စနေနေ့က ဆိုင်ကလုံး မွှေနှောက်သွားပြီးနောက် မိုဇမ်ဘစ်တွင် လူ ၆၂ ဦးနှင့် ဇင်ဘာဘွေတွင် လူ ၆၅ ဦး သေဆုံးခဲ့ရသည်။ အိုက်ဒေးသည် ဇင်ဘာဘွေသို့ ဝင်မမွှေမီ ကြာသပတေးနေ့ညက မိုဇမ်ဘစ်အလယ်ကမ်းရိုးတန်းသို့ ကုန်းတွင်းဝင်လာခဲ့ခြင်းဖြစ်သည်။

မိုဇမ်ဘစ်ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဆယ်လ်ဆိုကိုရီယာက သေဆုံးမှုနှုန်း သေချာပေါက် မြင့်တက်လာလိမ့်မည်ဟု AFP သို့ ပြောကြားသည်။

“မိုဇမ်ဘစ်ကြုံခဲ့ရသမျှထဲမှာ အဆိုးဆုံး သဘာဝဘေးပါပဲ။ အရာရာ ပျက်စီးသွားပါတယ်။ ကားလမ်းအားလုံးနဲ့ ဓာတ်အား ကွန်ရက် ၈၀ ရာခိုင်နှုန်း ပျက်စီးခဲ့ပါတယ်။ လောလောဆယ်ကတော့ လူ့အသက်တွေကို ကယ်ဖို့ အဓိကထားပါတယ်”ဟု ၎င်းက ပြောကြားသည်။ 

မိုဇမ်ဘစ် ဘိုင်ရာလေဆိပ်ကို ယာယီပိတ်ထားခဲ့ပြီး တနင်္ဂနွေနေ့က ပြန်ဖွင့်ခဲ့သည်။ 

မုန်တိုင်းဒဏ်အများဆုံးခံရသော ဇင်ဘာဘွေအရှေ့ပိုင်း ချင်မနီမာနီဒေသတွင် နေအိမ်များနှင့် တံတားများ ရေစီးနှင့်အတူ မျောပါကုန်သည်။ ကားလမ်းများမှာ မြေအက်ကွဲကြောင်းများထဲသို့ ကျွံကျသွားပြီး တံတားများမှာလည်း တစ်စစီပြုတ်ထွက်သွားသည်ဟု သိရှိရသည်။

စနေနေ့ကမူ လေပြင်းထန်ကာ တိမ်ထူနေသောကြောင့် ဘေးသင့်ဒေသများသို့ ရဟတ်ယာဉ်များသွားရန် အခက်အခဲ ရှိခဲ့သော်လည်း တနင်္ဂနွေနေ့တွင် ရာသီဥတု ကြည်လင်လာမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများကို စတင်နေပြီဟု ဇင်ဘာဘွေ အစိုးရက ပြောကြားသည်။

ချင်မနီမာနီတွင် ရေကြီးမှုကြောင့် စာသင်ကျောင်းထဲတွင် ပိတ်မိနေသော ကျောင်းသား ၂၀၀ နီးပါးနှင့် ဆရာများ၊ ဝန်ထမ်းများကို စစ်သားများက ကယ်ဆယ်ခဲ့ရသည်။

အိုက်ဒေးမွှေနှောက်သွားသော လမ်းကြောင်းတွင် လူပေါင်း ၁ ဒသမ၂၅ သန်းခန့် နေထိုင်သည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ခန့်မှန်းထားပြီး စားနပ်ရိက္ခာ ထောက်ပံ့မှုများ ပြုလုပ်ရန် အစီအစဉ်များကို စတင်နေပြီဖြစ်သည်။ အကူအညီ လိုအပ်နေသူများထံ ရဟတ်ယာဉ်များ၊ စက်လှေများဖြင့် စားနပ်ရိက္ခာများ ပေးပို့နိုင်ရန် WFP က စီစဉ်နေသည်။

F-04