News

POST TYPE

NEWS

တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်တွင် ပါဝင်မှုကို ပြင်ဆင်ရန် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီတွင် ပါတီနှစ်ခု တင်ပြထား
19-Mar-2019

နေပြည်တော်၊ မတ် ၁၈

လွှတ်တော်တွင်းမှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့က လေးဆယ့်ငါးဦးပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွင် ပြင်ဆင်ချက်တင်ထားကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ရခိုင် အမျိုးသားပါတီမှ ဦးအောင်ကျော်ဇံက ပြောကြားသည်။

“သူများအကြောင်း ပြောတာ တော့ မဟုတ်ပါဘူး။ NLD ကတော့ လျှော့ချတယ်။ NLD က ရာခိုင်နှုန်း နဲ့လျှော့ချတာ။ ၃ကြိမ်လျှော့ချတာ။ တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမ အကြိမ်။ ၅နှစ် ၅နှစ် သုံးခါလျှော့ချမယ်။ ၁၅၊ ၁၀၊ ၅ (ရာခိုင်နှုန်း) ပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းအစည်းအဝေးကို ယနေ့မတ်လ ၁၈ ရက်နံနက်ပိုင်းက လွှတ်တော် အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက သတင်း ထောက်များကိုအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို နောင် လာမည့် ၅ နှစ်တစ်ကြိမ် သက်တမ်းတစ်ခု တွင် ၁၅ ရာခိုင်နှုန်း နောက်တစ်ကြိမ် ငါးနှစ် သက်တမ်းတွင် ၁၀ ရာခိုင်နှုန်းနှင့် နောက်ထပ် ငါးနှစ်သက်တမ်းတွင် ၅ ရာခိုင်နှုန်းဟူ၍ လျှော့ချပြင်ဆင်ရန် NLD ပါတီက ပြင်ဆင်ချက်တင်သွင်းခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းကိစ္စ ကို NLD ပါတီမှ အစည်း အဝေးတက်ရောက်ခဲ့သည့် ဦးအောင်ကြည် ညွှန့်ကို မီဒီယာများက မေးမြန်းခဲ့သော်လည်း အတည်ပြုပြောကြားပေးနိုင်ခြင်း မရှိခဲ့ပေ။

ယင်းအပြင် ရခိုင်အမျိုးသား ပါတီ အနေဖြင့် လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လုံးဝမရှိတော့ရန် ပြင်ဆင်ချက်တင်သွင်းခဲ့ကြောင်းလည်း ဦးအောင်ကျော်ဇံကဆိုသည်။

“ကျွန်တော်က အရေအတွက်လျှော့ချတာမဟုတ်ဘူး။ လုံးဝအပြတ်”ဟု ၎င်းက ဆိုသည်။

ကော်မတီအစည်းအဝေးတွင် ပြင်ဆင်ချက်တင်သွင်းသည့် ပါတီများအနေဖြင့်ပင် မတူညီသည့်ပြင်ဆင်လိုချက်များလည်း ရှိနေကြောင်း ဦးအောင်ကြည် ညွှန့်က ပြောကြားခဲ့သည်။

“အဲဒါတွေ ပြင်တာလည်းရှိတယ်။ မပြင်တာတွေလည်းရှိတယ်။ ဒို့ပါတီက ဘာတွေပြင်လဲဆိုတာတော့ လောလောဆယ် တရားဝင် ဘာမှထုတ်ပြောလို့မရသေးဘူး”ဟု ဦးအောင်ကြည်ညွှန့်က ပြောဆိုသည်။

ယင်းအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၄ မှ ၁၉၈ အထိပါ ရှိသော အခန်း (၄) ကို စီစစ်ခဲ့ပြီး ပုဒ်မ ၁၄၇ အထိ ပြီးစီးခဲ့ကြောင်းသိရသည်။

ပူးပေါင်းကော်မတီ၏ အစည်းအဝေး နှင့်ပက်သက်၍ တပ်မတော်သားအစု အဖွဲ့ကိုယ်စားပြုပါဝင်ထားသော တပ်မတော်ကိုယ်စားလှယ်အနေဖြင့် မီဒီယာများကို ဆက်ဆံပြောကြားခဲ့ခြင်းမရှိပေ။

ယင်းအစည်းအဝေးသည် ၇ ကြိမ် မြောက်အစည်းအဝေးဖြစ်သည်။

S-01