News

POST TYPE

NEWS

ထိုင်းစက်ရုံမှ အလုပ်ထုတ်ခံရသည် မြန်မာလုပ်သား ၅၀ ဦး အလုပ်ပြန်ရရေး အပါအဝင် အချက် ၃ ချက် စာချုပ်ချုပ်ဆို
18-Mar-2019

ရန်ကုန်၊ မတ် ၁၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အီလက်ထရောနစ်စက်ရုံမှ အလုပ်ထုတ်ခံရသည် မြန်မာလုပ်သား ၅၀ ဦး အလုပ်ပြန်ရရေး အပါအဝင် အချက်သုံးချက်ကို အလုပ်ရှင်နှင့် စာချုပ်ချုပ်ဆိုထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးစန်းမောင်ဦးက ပြောကြားသည်။

“ဒီအလုပ်သမားတွေကို အလုပ်ထုတ်မယ်ဆိုရင် ထိုင်းဥပဒေအတိုင်း လျော့ကြေးပေးရမယ်လို့ အလုပ်ရှင်ကို ပြောထားတယ်။ အလုပ်ရှင်ကတော့ လူဦးရေ လျှော့တာပါပေါ့။ ဝင်စစ်တော့မှ အလုပ်ပြန်ရှာပေးမယ်ပြောတယ်”ဟု ၎င်းကပြောဆိုသည်။

အလုပ်ရပ်စဲခံရသည့် အလုပ်သမား ၅၀ ကို ဧပြီ ၁ ရက် နောက်ဆုံးထား၍ အလုပ်ရှာဖွေပေးရန်၊ အလုပ်မှ ရပ်ဆိုင်းထားသည့် ကြားကာလအတွင်း ထိုင်းအစိုးရက သတ်မှတ်ထားသည့် အခြခံလုပ်အားခ တစ်ရက်ဘတ် ၅၀ (မြန်မာငွေ ၁၅၀၀ နှုန်း) အလုပ်ရှင်ကပေးရန်နှင့် ဧပြီ ၁ ရက်ကျော်သည့်အထိ ထိုအလုပ်သမားများ အလုပ်ပြန်မရပါက ထိုင်းနိုင်ငံဥပဒေအတိုင်း အလုပ်ထုတ်နစ်နာကြေးပေးရန် စသည့်အချက်သုံးချက်ကို အလုပ်သမား သံအရာရှိရှေ့တွင် မတ် ၁၆ ရက်နေ့က အလုပ်ရှင်နှင့် အလုပ်သမားများ စာချုပ်ချုပ်ဆိုခဲ့သည်ဟု ဦးစန်းမောင်ဦးက ရှင်းပြသည်။

ထိုအလုပ်သမားများသည် မတ် ၁၃ ရက်က စတင်ကာ အလုပ်မှရပ်စဲခံခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံမှ သိရသည်။

အလုပ်မှရပ်စဲခံရသူများ၏ တိုင်ကြားချက်အရ ယင်းစက်ရုံသို့ ထိုင်းအလုပ်သမား ကာကွယ်ရေးဌာန (ဆဝါဒီကန်)၊ ထိုင်းအလုပ်အကိုင် ရှာဖွေရေးရုံး (ကျဟာငန်) တို့နှင့်ချိတ်ဆက်ကာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိက ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းစက်ရုံသည် မြန်မာနှင့် ကမ္ဘောဒီယားနိုင်ငံတို့မှ လုပ်သား စုစုပေါင်း ၁၀၀ ခန့်ကို ကန်ထရိုက်တာမှတဆင့် ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်သည်။

J-18