News

POST TYPE

NEWS

၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့တွင် ပြည်နယ်ဂုဏ်ထူးဆောင်ဆုရသူ ၁၅ ဦးကို ဆုချီးမြှင့်မည်
18-Mar-2019
မော်လမြိုင်၊ မတ် ၁၈

၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဂုဏ်ထူးဆောင်ဆုရသူ ၁၅ ဦးကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့အနေနှင့် မတ်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် မွန်ပြည်နယ်နေ့ အခမ်းအနားတွင် ပြည်နယ်ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၅) အရ ချီးမြင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“ဥပဒေအရဆိုရင် ပြည်နယ် ဂုဏ်ထူးဆောင်ဆုကို ၁၅ မျိုးပေးလို့ရတယ်၊ ဒီနှစ် ဆုချီးမြှင့်မယ့်ဟာက အမျိုးအစားအနေနဲ့ ၁၀ မျိုး၊ ဆုရရှိတဲ့သူ အနေနဲ့ကတော့ ၁၅ ဦးပါ။ ပြည်နယ် ဂုဏ်ထူးဆောင် ဆုချီးမြှင့်ရေးဥပဒေ နည်းဥပဒေအတိုင်းပဲ ဆုအမျိုးအစားအလိုက် လုပ်ငန်းကော်မတီက ရွေးချယ်ထားတဲ့သူတွေကို ရွေးချယ်ရေးဦးစီးကော်မတီကိုတင်တယ်၊ သတ်မှတ် အရည်အချင်းအတိုင်း ဦးစီးကော်မတီကနေ ရွေးချယ်ပြီးမှ ပြည်နယ်အစိုးရက အတည်ပြု ရွေးချယ်တာပါ”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်က ပြောကြားသည်။

ပြည်နယ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်နိုင်ရန်အတွက် အစိုးရဌာနများနှင့် လူမှုအဖွဲ့အစည်းများထံ အကြောင်းကြား၍ အရည်အချင်း ပြည့်မီသူများကို ရွေးချယ်ခြင်းဖြစ်ရာ ယခုနှစ် ပြည်နယ်ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်း အစီအစဉ်တွင် ၂၀၁၈ ခုနှစ်အတွင်းက ရေဘေးသင့်သူများကို ကယ်ဆယ်ရင်း သေဆုံးခဲ့ရသည့် တပ်မတော်သားသုံးဦးလည်း ပါဝင်ကြောင်း ၎င်းကရှင်းပြသည်။

၂၀၁၉ ခုနှစ်တွင် ကျရောက်သည့် ၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားတွင် ချီးမြှင့်မည့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများမှာ စီးပွားရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုတစ်ဆု၊ စက်မှုလက်မှု ထူးချွန်မှု ဂုဏ်ထူးဆောင်ဆုတစ်ဆု၊ စီမံခန့်ခွဲရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုတစ်ဆု၊ ပညာရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုတစ်ဆု၊ လူမှုရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုနှစ်ဆု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုတစ်ဆု၊ သုတေသနလုပ်ငန်း ထူးချွန်မှုဂုဏ်ထူးဆောင်ဆုတစ်ဆု၊ ဘာသာသာသနာ ထူးချွန်မှု ဂုဏ်ထူးဆောင်ဆု သုံးဆု၊ ဝန်ထမ်းထူးချွန်မှု ဂုဏ်ထူးဆောင်ဆု သုံးဆုနှင့် အားကစားထူးချွန်မှု ဂုဏ်ထူးဆောင်ဆုတစ်ဆုတို့ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ စာရင်းများအရ သိရသည်။

“သတ်မှတ်ချက်နဲ့လည်း ကိုက်ညီတယ်၊ ပြည်နယ်အတွက်လည်း အမှန်တကယ် ဂုဏ်ဆောင်နိုင်တဲ့သူတွေကို ရွေးချယ်ပေးတာမှာ မနှစ်ကထက်စာရင် ဒီနှစ်က နည်းနည်း နည်းသွားတယ်”ဟု ဦးမြင့်သန်းဝင်းက ထပ်မံပြောဆိုသည်။

ထူးချွန်ဂုဏ်ထူးဆောင်ဆု ရရှိသူများကို ဆုငွေကျပ်သုံးသိန်း အပါအဝင် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ရင်ထိုးတံဆိပ်တို့ ချီးမြှင့်ရန် မွန်ပြည်နယ်အစိုးရက စီစဉ်ထားသည်။

၂၀၁၈ ခုနှစ်က ကျင်းပခဲ့သည့် ၄၄ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားတွင် ပြည်နယ်ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများကို ခေါင်းစဉ် အမျိုးအစား ၁၂ မျိုးဖြင့် ဆု ၂၂ ဆု ချီးမြှင့်ခဲ့သည်။

R-21