News

POST TYPE

NEWS

အလောင်းတော် ကဿပဘုရားဖူးယာဉ် ချောက်ထဲကျသဖြင့် ငါးဦးသေဆုံး၊ ၂ဝ ကျော်ဒဏ်ရာရ
18-Mar-2019


မုံရွာ၊ မတ် ၁၈

အလောင်းတော် ကဿပသို့သွားမည့် ဘုရားဖူးယာဉ်တစ်စီး မတ်လ ၁၈ ရက်နေ့ နံနက် ငါးနာရီခန့်က ပေ ၃ဝဝ ခန့်နက်သည့် ချောက်အတွင်းထိုးကျခဲ့သဖြင့် ငါးဦးသေဆုံးကာ ၂ဝ ကျော် ဒဏ်ရာရရှိသွားကြောင်း ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူများထံမှ သိရသည်။

အဆိုပါယာဉ်သည် အလောင်းတော် ကဿပဘုရားဖူးလမ်း ကနီစခန်းအပိုင် ချောင်းမကြီးအဆင်းတွင် ပေ ၃၀၀ ခန့် နက်သည့် ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ အခင်းဖြစ်နေရာတွင် ငါးဦးသေဆုံးသွားကြောင်း ကပိုင်ရွာရှိ မင်းသားကြီးထမင်းဆိုင်မှ ဦးအောင်သန်းဌေးက ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတနှင့် ပုဇွန်တောင်တို့မှ ဘုရားဖူး ၈၀ ခန့်သည် မုံရွာမြို့ရှိ မြို့မဂတ်ကျောင်း (ဘုန်းကြီးကျောင်း) တွင်တည်းခိုကာ အလောင်းတော် ကဿပသို့သွားရန် မုံရွာမြို့မှ မှန်လုံယာဉ် သုံးစီးငှားရမ်းခဲ့ကြောင်း၊ အလောင်းတော် ကဿပသို့ရောက်ရန် ၅ မိုင်ခန့်အလို ချောင်းမကြီးအဆင်းတွင် ကားတစ်စီး ချောက်ထဲကျခဲ့ခြင်းဖြစ်သည်ဟု တောင်ဒဂုံ ၁၀ ရပ်ကွက်မှ အသက် ၁၆ နှစ်အရွယ်ရှိ ဆယ်တန်းကျောင်းသူ နှင်းအိရွှေရည်က ပြောဆိုသည်။

ရန်ကုန်မြို့က ဘုရားဖူးတွေ မုံရွာမှာကားပြောင်းပြီး မနက်အစောကြီး တက်လာတာ၊ ချောင်းမကြီးအဆင်းမှာ ပေ ၃၀၀ လောက်နက်တဲ့ ချောက်ထဲကျသွားတာ”ဟု ထိခိုက်ဒဏ်ရာရသွားသူများကို ကူညီပေးခဲ့သူ ကပိုင်ရွာသား ဦးအောင်သန်းဌေးက ထပ်လောင်းပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ နောက်မှလိုက်လာသည့် ဘုရားဖူးကားများနှင့် အလောင်းတော် ကဿပ အမျိုးသားဥယာဉ် အုပ်ချုပ်ရေးရုံးနှင့် မြို့နယ်သံဃာနာယကအဖွဲ့များ ကူညီသယ်ထုတ်ကာ ဒဏ်ရာရနှင့် သေဆုံးသူများကို ဆေးရုံသို့ပို့ခဲ့ကြကြောင်း ဒေသခံများကပြောဆိုသည်။

ချောက်ထဲထိုးကျခဲ့သည့်ယာဉ်သည် ခရီးသည် ၄၅ ဦးဆန့် မှန်လုံယာဉ်တစ်စီးဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦး သေဆုံးကာ ယင်းမာပင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရလူနာ ၂၀ ကျော် ကို မုံရွာဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း မုံရွာဆေးရုံကြီးထံမှ သိရသည်။

R-08