News

POST TYPE

NEWS

အင်ဒိုနီးရှားတွင် ရုတ်တရက်ရေကြီးမှုကြောင့် အသေအပျောက်များပြား
18-Mar-2019



ဂျကာတာ၊ မတ် ၁၇

အင်ဒိုနီးရှားနိုင်ငံ ပါပူဝါပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ကာ လူ ၄၀ ကျော် သေဆုံးသွားသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဒေသဆိုင်ရာ တာဝန်ရှိသူများကလည်း ပါပူဝါပြည်နယ်တွင် ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး ၄၂ ဦး သေဆုံးခဲ့သည်ဟု တနင်္ဂနွေနေ့က ပြောကြားသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၂၁ ဦးခန့် ရှိသည်ဟုလည်း သိရှိရသည်။

ပါပူဝါပြည်နယ်မြို့တော် ဂျေယာပူရာတွင် စနေနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရုတ်တရက်ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဂျေယာပူရာအနီးရှိ ဆန်တာနီဒေသတွင် အိမ်ခြေ ၁၅၀ ကျော်ခန့် ရေမြုပ်သွားသည်ဟု အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုနူဂရိုဟိုက ပြောကြားသည်။

ဂျေယာပူရာရှိကျေးရွာ ၉ ရွာတွင် ရေကြီးနေပြီး အနည်းဆုံး တံတားနှစ်စင်း ပျက်စီးသွားသည်ဟုလည်း ၎င်းက ပြောကြားသည်။

“အခု ရေကျသွားပြီဆိုပေမယ့် ရွှံ့တွေ၊ သစ်တုံးတွေ၊ ရေကြီးတုန်းက ပါလာတဲ့ တခြားပစ္စည်းတွေ ကျန်နေခဲ့ပါတယ်”ဟု နူဂရိုက ရှင်းလင်းပြောကြားသည်။

ရေလွှမ်းခြင်းခံရသည့် အိမ်များမှ ရေဘေးဒုက္ခသည် ၁၂၀ ကျော်ကိုအစိုးရရုံးများတွင် ခိုလှုံရန် နေရာချထားပေးပြီး အာဏာပိုင်များနှင့်အတူ ကြက်ခြေနီများ၊ စေတနာ့ဝန်ထမ်းများက ကူညီပေးနေကြသည်ဟု သိရှိရသည်။

ရေကြီးမှုကြောင့် အဆိုပါဒေသတွင် မြေပြိုမှုများလည်း ဖြစ်ပွားခဲ့သည်။

ပါပူဝါသည် အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့ပိုင်း အစွန်အဖျားပြည်နယ်ဖြစ်ပြီးထိုကျွန်းကို ပါပူဝါနရူးဂီနီနိုင်ငံနှင့်အတူ ခွဲဝေပိုင်ဆိုင်ထားခြင်းဖြစ်သည်။ 

F-04