News

POST TYPE

NEWS

အဂတိတိုက်ဖျက်ရေးကော်မရှင်၏ ပထမဆုံးရုံးခွဲ ရန်ကုန်တွင်ဖွင့်
16-Mar-2019

ရန်ကုန်၊ မတ်  ၁၆

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ပထမဦးဆုံးရုံးခွဲအဖြစ် ရန်ကုန်ရုံးခွဲကို မတ်လ ၁၆ ရက်နေ့က ဗဟန်းမြို့နယ်ရှိ ရွှေတောင်ကြားလမ်းတွင် ဖွင့်လှစ်ခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေနှင့် ယခင်က နေပြည်တော်တွင် ရုံးချုပ်တစ်ခုသာ ရှိခဲ့ရာမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော်၌ ရုံးခွဲအနေနှင့် ဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါရုံးခန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်ရုံးခွဲကိုဗဟိုပြု၍ ရန်ကုန်တိုင်းနှင့်ဆက်စပ်နေသော တိုင်းဒေသကြီးများ/ပြည်နယ်များတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် စုံစမ်း စစ်ဆေးရေးလုပ်ငန်းများကို ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်သွားနိုင်မည့်အပြင် လူထုနှင့် ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံဆွေးနွေးခွင့် ရရှိလာမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်ရုံးခွဲသည် အများပြည်သူ အကျိုးစီးပွားအတွက်သာလျှင် ဖြစ်ရမည်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သတင်းစကားများကို ဖလှယ်ရာ၊ အကြံပေး ဆွေးနွေးတိုင်ပင်ရာ၊ လေ့ကျင့်သင်ကြားပေးသောနေရာ၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ရာနှင့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာ နေရာတစ်ခုအဖြစ် မကြာမီ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနှင့် နောက်ထပ် ရုံးခွဲတစ်ခုကိုလည်း မန္တလေးမြို့၌ ယခုနှစ်အတွင်း ဆက်လက် ဖွင့်လှစ်ရန်ရှိကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

အဆိုပါကော်မရှင်အနေနှင့် ပြီးခဲ့သည့် ဒီဇင်ဘာလပိုင်းကလည်း ဝန်ထမ်းအင်အားတိုးမြှင့်ခန့်ခဲ့ကာ ကော်မရှင်ဖွဲ့စည်းပုံကိုလည်း တိုးချဲ့ခဲ့သည်။

ကော်မရှင်အနေနှင့် ပြီးခဲ့သည့်ရက်ပိုင်းက တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည် ဦးဆောင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယင်းကော်မှရှင်တွင် ဥပဒေပညာရှင်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဟောင်းများ အပါအဝင် ရဲအရာရှိဟောင်းများလည်း ပါဝင်သည်။

J-08