News

POST TYPE

NEWS

ပြည်တွင်းထုတ်ကုန်များကို တရုတ်နိုင်ငံ၏ AQSIQ စာရင်းတွင် မှတ်ပုံတင်ခွင့်ရရှိရန်တင်ပြ
16-Mar-2019

ရန်ကုန်၊ မတ် ၁၆

မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန်၊ မွေးမြူရေးထွက်ကုန်၊ ရေထွက်ကုန်နှင့် စက်မှုထုတ်ကုန်များကို တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရေးဆိုင်ရာ (AQSIQ) စာရင်းတွင် မှတ်ပုံတင်ခွင့်အမြန်ဆုံးရရှိရန် အစိုးရအဖွဲ့ထံတင်ပြထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

မတ်လ ၁၄ ရက်နေ့ကပြုလုပ်သည့် ဒုတိယသမ္မတ(၁)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် တင်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိ တရုတ်နိုင်ငံသို့တင်ပို့ရာတွင် AQSIQ စာရင်းတွင် မှတ်ပုံတင်ထားသည့် ဆန်၊ သရက်၊ ဖရဲ၊ သခွား၊ ဇီးသီးတို့ကိုသာ တရားဝင်တင်ပို့ခွင့်ရရှိထားပြီး ကျန်ကုန်စည်အများစုကို နယ်စပ်လမ်းကြောင်းမှ တရားမဝင်တင်ပို့နေရခြင်းဖြစ်သည်။

ကုန်စည်အများစုကို နယ်စပ်လမ်းကြောင်းမှ တရားမဝင်တင်ပို့နေရသဖြင့် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း တစ်ဖက်နိုင်ငံ၏ ဈေးကွက်အနိုင်ကျင့်ခံရမှုများ မကြာခဏပေါ်ပေါက်လျက်ရှိပြီး ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြောကြားသည်။

လယ်ယာထွက်ကုန်များဖြစ်သည့် (ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ မြေပဲ၊ ဝဥ၊ ကျွဲကောသီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ရာဘာ)၊ မွေးမြူရေးထွက်ကုန်များဖြစ်သည့် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်အရှင်) ရေထွက်ကုန်များဖြစ်သည့် ( ငါး၊ ပုစွန်၊ ဂဏန်း၊ ငါးရှဥ့်၊ ကင်းမွန်)၊ စက်မှုထုတ်ကုန်များဖြစ်သည့် (အသင့်စားအစားအစာများ၊ အိမ်သုတ်ဆေးများ) စသည့်ကုန်စည်များကို AQSIQ စာရင်းတွင် အမြန်ဆုံး မှတ်ပုံတင်ခွင့်ရရှိရန် တင်ပြထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

လက်ရှိတွင်လည်း တရုတ်နိုင်ငံဘက်တွင် လုံခြုံရေးတင်းကျပ်ကာ အဖမ်းအဆီးများပြုလုပ်နေသောကြောင့် မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သည့် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်များစုပုံကာ ကုန်သည်များ အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

J-11