News

POST TYPE

NEWS

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့ သောက်သုံးရေ စပြတ်
15-Mar-2019

မော်လမြိုင်၊ မတ် ၁၄

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေစတင် ပြတ်လပ်နေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပေါင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် မတ်လဆန်းမှစကာ သောက်ရေရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေသည်ဟု ဒေသခံအချို့က ပြောကြားသည်။

“နွေဆိုရင် ရေကန်ကရေတွေ နည်းလာတော့ အနည်တွေဖြစ်လာတယ်။ သောက်ဖို့အတွက် အဆင်မပြေတော့ဘူး၊ သောက်ရေအတွက်တော့ အခက်အခဲဖြစ်လာတာပေါ့၊ ဒီအချိန်ဆို သောက်ရေက ဝယ်သုံးတယ်၊ ရေလာလှူတဲ့သူတွေဆီကနေ ယူသုံးကြတယ်၊ ရေက နှစ်တိုင်း အခက်အခဲဖြစ်တယ်”ဟု ပေါင်မြို့နယ် အလှပ်ကျေးရွာမှ ဦးအောင်စိုးက ပြောဆိုသည်။

ကျိုက်မရောမြို့နယ်အတွင်း၌လည်း မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တို့တွင် ရေတွင်းရေ စတင်ခန်းခြောက်နေပြီဖြစ်ပြီး လက်ရှိတွင် အဝီစိတွင်းရေကို အားကိုးနေရသည်ဟု ဒေသခံအချို့က ဆိုသည်။

“ရာသီဥတု ပူလာတဲ့အချိန်မှာ ရေတွင်းရေတွေက ခန်းကုန်တယ်၊ ရေတွင်း ရေတွေ ခန်းသွားရင် ကျွန်မတို့က အဝီစိတွင်းမှာ သွားခပ်ရတယ်”ဟု အသက် ၅၀ ဝန်းကျင် ကျိုက်မရောဒေသခံတစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ်အတွင်း ရေတွင်းရေကန်များ တူးဖော်၍မရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် ကျေးရွာများတွင် နှစ်စဉ် သောက်သုံးရေပြတ်လပ်မှုနှင့်ကြုံတွေ့ရလေ့ရှိပြီး အထူးသဖြင့် ပေါင်မြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် ရေရှားပါးမှု နှစ်စဉ်ဖြစ်ပေါ်လေ့ရှိသည်။

သောက်သုံးရေ ပြတ်လပ်လေ့ရှိသည့် နွေရာသီတွင် ရေအခက်အခဲဖြစ်ပွားလာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ် တပ်ဖွဲ့များထံသို့ အကူအညီတောင်းခံနိုင်သကဲ့သို့ ကျေးလက်ဒေသ ဖွံ့ ဖြိုးရေး ဦးစီးဌာနသို့လည်း အကူအညီတောင်းခံနိုင်သည့်အပြင် လူမှုအဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများကလည်း ရေအခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း ယင်းဌာနအဖွဲ့အစည်းများထံမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနှင့်လည်း သောက်သုံးရေ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး စီစဉ်ဆောင်ရွက်ထားပြီး သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်လာပါကလည်း သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ထားကြောင်း ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

Dawei Watch