News

POST TYPE

NEWS

ခြေ/ဥ ပြင်ဆင်ရေး အစီရင်ခံစာနှင့် ဆက်လက်လုပ်ကိုင်မည့် လုပ်ငန်းစဉ် များရွှေ့ဆိုင်း
15-Mar-2019

နေပြည်တော်၊ မတ် ၁၅

အခြေခံဥပဒေပြင်ဆင်ရေးတွင် အငြင်းပွားနေကြသည့် အစီရင်ခံစာနှင့် ဆက်လက်လုပ်ဆောင်မည့် ကိစ္စရပ်များကို ၁၂ ကြိမ်မြောက်ပုံမှန် အစည်းအဝေးသို့ ရွေ့ဆိုင်းလိုက်ပြီဖြစ်သည်။

ယင်းအစီရင်ခံစာကို တပ်မတော်၊ကြံ့ခိုင်ရေးနှင့် တိုင်းရင်းသားပါတီ အချို့က ယနေ့ (မတ် ၁၅) ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ပြီးဆုံးသည်အထိ ကန့်ကွက်နေခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာကို အတည်ပြုခြင်း၊ ဆုံးဖြတ်ချက်ရယူခြင်းနှင့် အခြားသော ညွှန်ကြားချက် တစ်စုံတစ်ရာ မရှိဘဲ နောက်ထပ်ကျင်းပမည့် ၁၂ ကြိမ်မြောက်အစည်းအဝေးတွင် ဆက်လက်လုပ်ဆောင်မည်ဟူ၍ လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီမှ ပူးပေါင်းကော်မတီဖွဲ့စည်းကာ အားလုံးလွှမ်းခြုံသော စိစစ်ပြင်ဆင်ရန်ရည်ရွယ်၍ သော်လည်းကောင်း ကြံ့ခိုင်ရေးပါတီက ပုဒ်မ ၂၆၁ တစ်ခုတည်းမှ ပုဒ်မခွဲ (ခ ၊ဂ၊ဃ ၊င) ကိုသာ ပြင်ဆင်နိုင်ရန် ဥပဒေကြမ်း တစ်ရပ်ရေးကာ လွှတ်တော်သို့ တင်ပြထားခြင်းဖြစ်သည်။

ယင်းတင်ပြချက် နှစ်ခုမှစိစစ်ရေး ကော်မတီ နှစ်ရပ် ထွက်ပေါ်လာပြီးနောက် NLD ပါတီ၏ သဘောထားအနေဖြင့် ၂၆၁ ပါ ပြင်ဆင်လိုသည့် အချက်ကို ဥပဒေတစ်ရပ်လုံး စိစစ်လေ့လာ ပြင်ဆင်မည့် ပူးပေါင်းကော်မတီတွင် ထည့်သွင်းလုပ်ဆောင်ရန် အစီရင်ခံစာ တင်ပြထားပြီး ယင်းတင်ပြချက်သည် ဥပဒေပြင်ဆင်ရေး နည်းလမ်းနှင့် သွေဖယ်နေသောကြောင့် တပ်မတော် ကြံ့ခိုင်ရေးပါ တီနှင့် တိုင်းရင်းသားပါတီ ငယ်အချို့က ကန့်ကွက်နေကြခြင်းဖြစ်သည်။

သို့သော် အားလုံးလွှမ်းခြုံသောစိစစ်ပြင်ဆင်မှု ပြုမည့် ၄၅ ဦးကော်မတီသည် လွှတ်တော်ပိတ်ရက်များတွင် အစည်းဝေးများ လိုအပ်သလို လုပ်ဆောင်သွားမည်ဟု သဘောတူညီမှု ရရှိထားသည်။

၁၂ ကြိမ်မြောက်အစည်းအဝေးကို လာမည့်သင်္ကြန်ကာလ အလွန်ရက်ပိုင်း (နှစ်ဆန်းရက်အတွင်း) တွင် ထပ်မံကျင်းပမည်ဟု ကြားသိရသည်။