News

POST TYPE

NEWS

ဘင်္ဂါလီအရေးကြောင့် မြန်မာဟက်ကာများက ဘင်္ဂလားဒေ့ရှ်ကို ဆိုက်ဘာတိုက်ခိုက်မှု စတင်
15-Mar-2019



မြန်မာဟက်ကာများက ဘင်္ဂလားဒေ့ရှ်ကို ဆိုက်ဘာတိုက်ခိုက်မှုများ စတင်လုပ်ဆောင်သွားမည်ဟု မတ်လ ၁၄ ရက်က ကြေငြာချက် ထုတ်ပြန်ခဲ့ပြီးနောက် မတ်လ ၁၅ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်မှုများကို စတင်လိုက်ပြီဖြစ်သည်။ 

လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်ဝက်ဘ်ဆိုက် ၅၀ ကျော်ကို တိုက်ခိုက်ထားပြီးဖြစ်ပြီး တိုက်ခိုက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်နေသည်ဟု မြန်မာဟက်ကာအဖွဲ့တစ်ခုဖြစ်သည့် UGMH အဖွဲ့က ဆိုသည်။

မြန်မာတိုင်းရင်းသားမဟုတ်သည့် ဘင်္ဂါလီများကို မြန်မာများက ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံး သတ်ဖြတ်နေသည်ဟု ပြောဆိုနေမှုများသည် မမှန်ကန်ကြောင်း ကမ္ဘာက သိစေရန် တိုက်ခိုက်မှုများကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာဟက်ကာ အဖွဲ့ဖြစ်သည့် UGMH အဖွဲ့က The Voice ၏ အွန်လိုင်းမှတဆင့်မေးမြန်းမှုကို ဖြေကြားထားသည်။ 

“ဘင်္ဂါလီတွေဟာ မြန်မာတိုင်းရင်းသားတွေမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ရဲ့ လူမျိုးတွေသာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေမဟုတ်သလို မြန်မာနိုင်ငံ တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာ မပါဝင်ကြောင်း၊ မြန်မာတွေဟာ သူတို့ကို ရည်ရွယ်ချက်ရှိရှိ ရန်ရှာပြီး လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုပြီး ပြောနေတာတွေဟာ မဟုတ်မှန်ကြောင်းကို ကမ္ဘာက သိဖို့အတွက် တိုက်ခိုက်ရခြင်းဖြစ်ပါတယ်။”ဟု ၎င်းတို့က ဆိုသည်။

ယခုတိုက်ခိုက်မှုသည် ဘာသာရေး၊ လူမျိုးရေး မပါဝင်ဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးလာသဖြင့် တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုထားသည်။

တိုက်ခိုက်မှုမျာတွင် ဘင်္ဂလားဒေ့ရှ် အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်များကိုလည်း တိုက်ခိုက်ထားပြီးဖြစ်ပြီး ထုတ်ပြန်မှုများ ပြုလုပ်ခြင်းမရှိသေးဟု UGMH က The Voice ၏ မေးမြန်းမှုကို ဖြေကြားထားသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပြင်ပသို့ ထုတ်ဖော်ခြင်းမရှိသည့် ဝန်ထမ်းများ၏ လျှို့ဝှက်အချက်အလက်များကို သိမ်းယူထားပြီး ဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုသည်။

UGMH က“ ဒါတွေဟာ အဓိက တိုက်ခိုက်မှု ရည်ရွယ်ချက်နဲ့မဆိုင်သေးတဲ့အတွက် သိမ်းဆည်းထားရုံပဲ လုပ်ထားပါတယ်။ ဒါပေမယ့် လိုအပ်လာရင်တော့ လိုအပ်သလို ဖွင့်ထုတ်သွားဖို့လည်းရှိပါတယ်။”

ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် မြန်မာနိုင်ငံ၏ ပြဿနာအမှန်ကို ကမ္ဘာကသိစေရန်အတွက်သာ တိုက်ခိုက်ခြင်း ဖြစ်ပြီး အစိုးရ၊ တပ်မတော် စသည့် နောက်ကွယ်မှ မည်သည့်အဖွဲ့အစည်းမျှ ပါဝင်ခြင်းမရှိဟုလည်း UGMH က ပြောဆိုထားသည်။