News

POST TYPE

NEWS

နိုင်ဂျီးရီးယားမြို့တော် လာဂို့စ်တွင် အဆောက်အအုံပြိုကျ၊ တစ်ဦးသေဆုံးပြီး ကလေးများစွာ ပိတ်မိ
15-Mar-2019



လာဂို့စ်၊ မတ် ၁၄

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်လာဂို့စ်တွင် မူလတန်းကျောင်းပါဝင်သည့် လေးထပ် အဆောက်အအုံတစ်ခု ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့ရာ အနည်းဆုံးတစ်ဦးသေဆုံးပြီး ကလေးအမြောက်အမြား ပိတ်မိနေသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

လာဂို့စ်အရေးပေါ်ကယ်ဆယ်ရေးဌာနမှ တာဝန်ခံ တီယာမီယူက အခင်းဖြစ်ပွားမှုတွင် လူတစ်ဦးသေဆုံးခဲ့ပြီး ၅၀ နီးပါးကို ကယ်ဆယ်ခဲ့ပြီးဖြစ်ကြောင်း၊ မြေညီထပ်ကို ရှင်းလင်းပြီးပါက ထိခိုက်သေကျေမှု ကိန်းဂဏန်းများကို ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

အခင်းဖြစ်နေရာတွင် ကယ်ဆယ်ရေး လုပ်သားများက အပျက်အစီးများကို ဖယ်ရှားရှင်းလင်းနေကြပြီး ရဲများ၊ လူနာတင်ယာဉ်များ၊ ကြက်ခြေနီများ၊ မီးသတ်ကားများ၊ မြေကော်စက်များလည်း ရောက်ရှိနေသည်။

ပြိုကျမှုတွင် ပါဝင်သွားသော မူလတန်းကျောင်းသည် အပေါ်ဆုံးထပ်တွင်ရှိပြီး ကလေး ၁၀၀ ခန့် တက်ရောက်နေသည်ဟု ဒေသခံများက ပြောကြားသည်။

အပျက်အစီးများအတွင်းမှ ကျောင်းသားကလေးများကို တစ်ယောက်ပြီး တစ်ယောက် ဆွဲထုတ်ကယ်ဆယ်လျက်ရှိရာ ဘေးမှဝိုင်းကြည့်နေသော လူအုပ်က အားပေးနေသည်ဟု သိရှိရသည်။

အပျက်အစီးများထဲတွင် ကလေးများအပါအဝင် လူအမြောက်အမြား ပိတ်မိနေသည်ဟု ယုံကြည်ရကြောင်း ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အခင်းဖြစ်နေရာသို့ လာဂို့စ်မြို့တော်ဝန် အမ်ဘူဒီလည်း ရောက်ရှိလာခဲ့ပြီး စိုးရိမ်သောကရောက်နေသော မိသားစုများကို အားပေးနှစ်သိမ့်ပေးခဲ့သည်။ အဆိုပါမူလတန်းကျောင်းသည် တရားမဝင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပြိုမကျမီက အဆိုပါရပ်ကွက်ရှိ အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးနေဆဲ အခြေအနေဖြစ်သည်ဟု အမ်ဘူဒီက ပြောကြားသည်။

အဆိုပါနေရာသည် လာဂို့စ်ကျွန်း၏ မူလမြို့လယ်ကောင်ရပ်ကွက် ဖြစ်သည်ဟုလည်း သိရှိရသည်။

အက်ဒီရှီတာဟုခေါ်သော အမျိုးသမီးက အဆိုပါမူလတန်းကျောင်းတွင် သူမ၏ တူမလေးနှစ်ဦး တက်ရောက်နေကြောင်းနှင့် အကြီးဖြစ်သူ အေမိုကီ ၁၁ နှစ် သေဆုံးခဲ့ပြီး အငယ်မလေးမှာမူ ဦးခေါင်းတွင် ဒဏ်ရာရရှိမှုကြောင့် ကုသမှုခံယူနေရကြောင်း ပြောကြားသည်။

အဆိုပါအဆောက်အအုံ၏ ကြံ့ခိုင်မှုအနေအထားကို လွန်ခဲ့သော ၁၂ နှစ်ကတည်းက ဒေသခံများက တိုင်ကြားထားပြီးဖြစ်သောကြောင့် ယခုကဲ့သို့ ပြိုကျသည့် အဆင့်အထိ ဖြစ်ပွားခဲ့ခြင်းအပေါ် ဒေါသထွက်မိကြောင်း အက်ဒီရှီတာက ပြောကြားသည်။

အဆိုပါအဆောက်အအုံကို ဖြိုချရန်သတ်မှတ်ထားပြီး ဖြစ်သော်လည်း ဈေးနှုန်းမြင့်သော မြို့လယ်ကောင်ဖြစ်သောကြောင့် ပိုင်ဆိုင်သူများက ဆေးပြန်သုတ်ကာ ငှားစားနေခြင်းဖြစ်သည်ဟု သူမက ပြောကြားသည်။

အဆိုပါရပ်ကွက်တွင် လွန်ခဲ့သောနှစ် အနည်းငယ်အတွင်း အဆောက်အအုံလေးခု ပြိုကျခဲ့ပြီးဖြစ်သည်ဟုလည်း ဒေသခံ အိုလန်နီယီက ပြောကြားသည်။

ဂူဂဲလ်ဓာတ်ပုံများအရ ထိုအဆောက်အအုံတွင် ၂၀၁၇ အထိ စာသင်ကျောင်း မရှိခဲ့ကြောင်း တွေ့ရှိရသည်။ 

နိုင်ဂျီးရီးယားသည် ဥပဒေစည်းကမ်းသက်ရောက်မှု အားနည်းပြီး ဆောက်လုပ်မှု စံချိန်စံညွှန်းများ နိမ့်သောကြောင့် အဆောက်အအုံ ပြိုကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ 

F-04