News

POST TYPE

NEWS

ဘရာဇီး စာသင်ကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုကြောင့် ကလေးများသေဆုံး
15-Mar-2019



ဘရာဇီလီယာ၊ မတ် ၁၄

ဗုဒ္ဓဟူးနေ့က ဘရာဇီးနိုင်ငံတောင်ပိုင်း ဆူဇာနိုပြည်နယ်ရှိ ရာအူးလ်ဘရာဇီး စာသင်ကျောင်းတွင် ကျောင်းသားဟောင်းနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး ကျောင်းသားငါးဦးနှင့် ဆရာနှစ်ဦး သေဆုံးခဲ့ရသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ရာအူးလ်ဘရာဇီး စာသင်ကျောင်းတွင် မျက်နှာဖုံးစည်းထားသော ကျောင်းသားဟောင်းနှစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် မုန့်စားဆင်းချိန် ထွက်လာသော ဆယ်ကျော်သက် ကျောင်းသားငါးဦး သေဆုံးခဲ့သည့်အပြင် ဆရာနှစ်ဦးလည်း သေဆုံးသွားခဲ့သည်။

အဆိုပါပစ်ခတ်မှုတွင် ကလေးအများစုအပါအဝင် နောက်ထပ် ၁၇ ဦး သေနတ် ထိမှန်ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် အများစုမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိသည်ဟု ရဲများက ပြောကြားသည်။

သေနတ်သမားနှစ်ဦးသည် ကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ပြီးနောက် သူတို့ကိုယ်သူတို့ ပြန်လည်ပစ်ခတ်ကာ အဆုံးစီရင်သွားခဲ့ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်ကိုမူ မသိရသေးပေ။

ပြည်နယ်ရဲမင်းကြီး မာဆယ်လို ဆယ်လက်က ၎င်း၏ အမှုထမ်းသက် နှစ်သုံးဆယ်အတွင်း ယခုကဲ့သို့ ဖြစ်ရပ်မျိုး မကြုံဖူးခဲ့ကြောင်းနှင့် ပြောမထွက်လောက်အောင် ရက်စက်လွန်းသော ရာဇဝတ်မှုခင်းဖြစ်ကြောင်း မှတ်ချက်ပေးပြောဆိုသည်။

ကျောင်းအတွင်းနှင့် အနီးတစ်ဝိုက်ရှိ လုံခြုံရေးကင်မရာမှတ်တမ်းများတွင် ကလေးများ ငိုယိုအော်ဟစ် ပြေးလွှားကာ အကူအညီတောင်းနေကြသည်ကို တွေ့မြင်ရသည်။

သေနတ်သမားများသည် အသက်နှစ်ဆယ်ဝန်းကျင် ဖြစ်ပုံရပြီး ကျောင်းအတွင်းသို့မဝင်မီ အနီးရှိ ကားရေဆေးသောဆိုင်မှ အလုပ်သမားတစ်ဦးကို ပစ်ခတ်ခဲ့ကြသည်။ အဆိုပါကျောင်းတွင် အသက် ၁၁ နှစ်နှင့် ၁၅ နှစ်အကြား ကျောင်းသား ၁၀၀၀ ခန့် တက်ရောက်လျက်ရှိသည်။

ရဲများက တယ်လီဖုန်းသတင်းပေးမှု လက်ခံရရှိပြီး ရှစ်မိနစ်အတွင်း ကျောင်းသို့ ရောက်ရှိခဲ့ကြသော်လည်း ၎င်းတို့ ရောက်သည့်အချိန်တွင် သေနတ်သမားများ သေဆုံးနေပြီဟု ရှင်းလင်းပြောကြားသည်။

သေနတ်သမားများသည် ပွိုင့်သုံးဆယ့်ရှစ် ပစ္စတို၊ လက်လုပ်ဗုံးများနှင့် ဒူးလေးတစ်လက်တို့ကို အသုံးပြုခဲ့သည်ဟု သိရှိရသည်။

ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် လူသတ်မှုအများဆုံးနှင့် အကြမ်းဖက်မှု အများဆုံးနိုင်ငံ ဖြစ်သော်လည်း ယခုကဲ့သို့ စာသင်ကျောင်းအတွင်း ပစ်ခတ်မှုမျိုးမှာမူ ရှားပါးသည်။ နောက်ဆုံးဖြစ်ခဲ့သော သေနတ်ပစ်မှုမှာ ၂၀၁၁ ခုနှစ်က ရီယိုဒီဂျနေရိုးတွင် ကျောင်းသားဟောင်းတစ်ဦး၏ ပစ်ခတ်မှုကြောင့် ကလေး ၁၂ ဦး သေဆုံးခဲ့မှုဖြစ်သည်။

သမ္မတသစ် ဘောလ်ဆန်နာရိုက သေနတ်ပိုင်ဆိုင်မှု ထိန်းချုပ်သည့်ဥပဒေကို ဖြေလျှော့ပေးမည်ဟု မကြာသေးမီက ကြေညာခဲ့ပြီးနောက် ယခုသေနတ်ပစ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

F-04