News

POST TYPE

NEWS

အောင်လံတွင် သားသတ်လိုင်စင်ပါ စည်းကမ်းအတိုင်း မရောင်းပါက အရေးယူမည်ဟုသတိပေး
14-Mar-2019

မကွေး၊ မတ် ၁၄

အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့က သားသတ်လိုင်စင် ရရှိထားသူများကို စာချုပ်ပါ စည်းကမ်းများအတိုင်း ရောင်းချရန် ခေါ်ယူသတိပေးခဲ့ပြီး၊ ဈေးပိုမိုတင်ကာ ရောင်းချမှုများတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု အမှုဆောင်အရာရှိ ဦးမြလင်းက ပြောသည်။

အောင်လံမြို့နယ်တွင် အသားဈေး တက်နေသည့် သတင်းများထွက်ပေါ်သဖြင့် မတ်လ ၁၂ ရက်က သားသတ်လိုင်စင် (စီ) ရရှိထားသူများကို စာချုပ်ပါ စည်းကမ်းချက်များအတိုင်း ရောင်းချကြရန် ခေါ်ယူဆွေးနွေး ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စည်ပင်အနေနှင့် ယခင်ကထက် ပိုမိုထိရောက်စွာ ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လတ်တလော အနေအထားအရ အသားဈေးနှုန်းတွေက သတ်မှတ်နှုန်းထားထက် ဈေးကြီးနေတယ်လို့ အပြင်မှာ အသံထွက်နေတယ်။ လိုင်စင်ရတဲ့သူတွေကို ဥပဒေနဲ့အညီ ရောင်းချဖို့ ရှင်းပြပြီး၊ မလိုက်နာရင် အရေးယူမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းထားတယ်”ဟု အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမြလင်းက ဆိုသည်။

၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်အတွက် သားသတ်လိုင်စင်များချထားပေးရာတွင် အမဲတစ်ပိဿာ ၈၀၀၀ ကျပ်၊ ဝက်တစ်ပိဿာ ၇၀၀၀ ကျပ်နှင့် ဆိတ်သားတစ်ပိဿာ ၁၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချရန် စည်းကမ်းသတ်မှတ်ထားကြောင်း အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ဆိတ်သားသတ်လိုင်စင် ရရှိထားသူ ဦးနိုင်ဌေးက “လိုင်စင်ဆွဲတုန်းက ဆိတ်သားတစ်ပိဿာကို ၁၁၀၀၀ ကျပ်နဲ့ဆွဲရတာ။ ကုန်ကြမ်းတွေအကုန်လုံး နိုင်ငံခြားက လာဝယ်နေတော့ အခုတစ်ပိဿာကို ၁၈၀၀၀ ကျပ်နဲ့ ရောင်းနေရတာ။ ခေါ်ယူသတိပေးတာကို အရေးမယူဖို့ အကျိုးအကြောင်း တင်ပြထားပါတယ်။ ဒီဈေးနဲ့ ရောင်းဝယ်ခွင့်မပေးရင်လည်း ပိတ်ထားဖို့ပဲရှိတယ်”ဟု ဆိုသည်။

အောင်လံ စည်ပင်က မတ်လ တတိယပတ်အတွင်း ဝက်၊ ဆိတ်၊ နွား ရောင်းဝယ်ခွင့်ရှိသူများကို လိုင်စင်ပါအချက်များနှင့် ရောင်းဝယ်ခွင့် ညီ၊ မညီကို စစ်ဆေးမည်ဖြစ်ပြီး ပထမအကြိမ် စည်းကမ်းဖောက်ပါက လိုင်စင်ဆောင်ခဲ့သည့် ငွေကြေး၏ ၁ ရာခိုင်နှုန်း၊ ဒုတိယအကြိမ်တွင် ၂ ရာခိုင်နှုန်း၊ တတိယအကြိမ်တွင် လိုင်စင်ပိတ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း စည်ပင်ထံမှ သိရသည်။

R-23