News

POST TYPE

NEWS

မြစ်ကြီးများနှင့် မြစ်လက်တက်များတွင် ရေကာတာမတည်ဆောက်ရန် လူမှုရေးအသင်း ၂၀၀ ကျော် ကြေညာချက်ထုတ်ပြန်
14-Mar-2019

မန္တလေး၊ မတ် ၁၄

မြန်မာနိုင်ငံရှိ မြစ်ကြီးများနှင့် မြစ်လက်တက်များပေါ်တွင် ရေကာတာများ လုံးဝမဆောက်ရန် မြစ်၊ ချောင်းများအရေးလုပ်ဆောင်သည့်အသင်းအဖွဲ့ ၂၀၀ ကျော်က မတ်လ ၁၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

မြစ်များ၊ မြစ်လက်တက်များပေါ်တွင် ရေကာတာ ၅၀ ကျော်တည်ဆောက်၍ အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်ဓာတ်အားတင်ပို့ရောင်းချရန် ရည်ရွယ်သည့်အစိုးရ၏ အစီအမံကို အပြင်းအထန်ကန့်ကွက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ရေကာတာစီမံကိန်းများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေဒေသများတွင်ရှိသောကြောင့် တပ်မတော်က လုံခြုံရေးပေးမည်ဆိုပါက ပဋိပက္ခများဖြစ်ပွား၍ ငြိမ်းချမ်းရေးမျှော်လင့်ချက် ပြိုပျက်သွားမည်ကို စိုးရိမ်ကြောင်း၊ ယင်းစီမံကိန်းဧရိယာအတွင်းရှိ လူနည်းစုသာရှိသည့် တိုင်းရင်းသားမျိုးနွယ်စုများလည်း ပျောက်ကွယ်သွားမည့်အနေအထားရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ သံလွင်ကွန်ရက်မှ ဒေါ်နန်းဝါနုက ပြောကြားသည်။

“ဒီလိုရေကာတာတွေ တည်ဆောက်တာက သူတို့နယ်မြေကနေ အနုနည်းနဲ့ မောင်းထုတ်နေတယ်လို့ တိုင်းရင်းသားတွေမှာ ခံစားနေရတယ်”ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင်ရေလှောင်တမံစီမံကိန်းများနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် လုံးဝမသိရှိကြဘဲ လက်ရှိ လုပ်ဆောင်နေသည့် စီမံကိန်းအများစုသည် ပြည်တွင်းအသုံးပြုရန် ၁၀ ရာခိုင်နှုန်း၊ တရုတ်နှင့် ထိုင်းသို့ ၉၀ ရာခိုင်နှုန်း တင်ပို့ရောင်းချသွားမည်ကိုတွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတဝှမ်းရှိ မြစ်၊ ချောင်းများအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်း ၂၀၀ ကျော်သည် မတ်လ ၁၃ ရက်နေ့တွင် “မြစ်ချောင်းများလွတ်လပ်စွာစီးဆင်းပါစေ” အမည်ဖြင့် မန္တလေးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာရေကာတာ ဆန့်ကျင်ရေးနေ့ဖြစ်သော မတ်လ ၁၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

M-08