News

POST TYPE

NEWS

ကြံ့ခိုင်ရေးက ဆန်လျှော့ဈေးဖြင့် မြို့နယ်တိုးရောင်းမည်
02-Mar-2019
မန္တလေး၊ မတ် ၂

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ဆန်ကို ပြင်ပပေါက်ဈေးထက်လျှော့၍ ရောင်းချပေးနေခြင်းကို မြို့နယ် ထပ်တိုးရောင်းပေးမည်ဖြစ်ကြောင်း ယင်းတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ထပ်တိုးရောင်းချမည့် သက်ဆိုင်ရာ မြို့နယ်ပါတီများထံ ညွှန်ကြားထားကြောင်း ကုန်ဈေးနှုန်းများ ကြီးမြင့်ချိန်တွင် ပြည်သူများ သက်သာချောင်ချိစေရန် ရောင်းချပေးခြင်းဖြစ်ပြီး ဆန်တစ်ပြည်လျှင် ပြင်ပပေါက်ဈေးထက် ၃၀၀ ကျပ်မှ ၄၀၀ ကျပ်ခန့်ဈေးလျှော့ရောင်းချပေးခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ဝင် ဦးဇော်အောင်ထက်က ပြောကြားသည်။

သို့သော် မည်သည့်မြို့နယ်များတွင် မည်သည့်ဈေးနှုန်းဖြင့် ထပ်တိုး ရောင်းချပေးမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။

“တကယ် စေတနာနဲ့ရောင်းပေးရင် ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက ရွေးကောက်ပွဲအတွက် စည်းရုံးတာလို့ထင်တယ်”ဟု ချမ်းမြသာစည်မြို့နယ်ဒေသခံ ဦးသက်ကိုကိုဦးက ပြောဆိုသည်။

အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် မြစ်သားမြို့နယ်များတွင် ရွှေသွယ်ရင်၊ မန်းဧရာ၊ ရွှေဝါထွန်း၊ ဇီယာစသည့် ဆန်အမျိုးအစားများကို ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်ရောင်းချပေးခဲ့ကြောင်း၊ ယင်း ၆ မြို့နယ်ရှိ ရပ်ကွက် ၃၀ ခုတွင် ဆန်အိတ် ၉၀၀ နီးပါး ရောင်းချပေးထားကြောင်း မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

M-05