News

POST TYPE

NEWS

AA မှ ဖမ်းဆီးခေါ်ဆောင်သွားသော ရဲစခန်းမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည်လွတ်မြောက်
27-Feb-2019
ကလေး၊ ဖေဖော်ဝါရီ ၂၇

ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်နှင့် သံထောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဘီးဗာတို့နှစ်ဦးကို AA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၆ ရက်အကြာတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သံထောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူနှစ်ဦးကို ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်း ၎င်းတို့ကို လာရောက်ခေါ်ဆောင်ရန်အတွက် သံထောင်ကျေးရွာအနီးဝန်းကျင်မှ ကျေးရွာသားများနှင့် ဩဇာကြီးမားသည့် ဘာသာရေးဆရာများ လာရောက်ရွေးယူရမည်ဖြစ်ကြောင်း AA အဖွဲ့မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့သဖြင့် သံထောင်ကျေးရွာအနီးရှိ ကျေးရွာများတွင် နေထိုင်သည့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်နှစ်ဦးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် AA အဖွဲ့ချိန်းထားသည့် ဘူးစင်ကျေးရွာသို့ သွားရောက်ခဲ့သည်။

ယင်းသို့ သွားရောက်ရာ နံနက် ၁၁ နာရီအချိန်က ဖမ်းဆီးခေါ်ဆောင်ခံရသူနှစ်ဦးကို ဘူးစင်ကျေးရွာသို့ လာရောက်ပို့ဆောင်ခဲ့ပြီး ဘူးစင်ကျေးရွာမှ မွန်းလွဲ ၃ နာရီအချိန်ခန့်က ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့် သံထောင်ကျေးရွာသို့ ပြန်ခဲ့ကြရာ ညနေ ၅ နာရီအချိန်ခန့်က ရွာသို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သံထောင်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

“သူတို့က အင်္ကျီဝတ်ထားတယ်ဆိုတော့ သူတို့ဒဏ်ရာတွေ ရထားသလားဆိုတာတော့ မမြင်ရဘူး။ ထုတာ ထောင်းတာတော့ ရှိတယ်လို့တော့ ဦးချားဟော်ကတော့ ပြောတယ်။ ဒါပေမယ့် ကာယကံရှင်ကို သေချာမေးကြည့်ဖို့ကြတော့ သူတို့လဲ အရမ်း ပင်ပန်းနေလို့လေ မေးကြည့်ဖို့ အားနာတယ်။ ဦးချားဟော်ကတော့ သူ့အိမ်မှာ အနားယူနေတယ်။ စခန်းမှူးကလည်း ရွာက သူ့အမျိုးအိမ်မှာပဲ အနားယူနေတယ်”ဟု သံထောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

AA လက်နက်ကိုင်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက သံထောင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး သံထောင်နယ်မြေရဲစခန်းကို လက်နက်ကြီးများဖြင့်ပစ်ခြင်း ဝင်ရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် စခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင် AA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် AA လက်နက်ကိုင်အဖွဲ့က ဒေသခံများကို မကြာခဏ ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် ကျေးရွာများအတွင်း ဝင်ရောက်မှုများ ရှိသည့်အတွက် ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့ ရွာလုံးကျွတ် ပြောင်းရွှေ့မှုများ ရှိလာခဲ့သည်။

R-20