News

POST TYPE

NEWS

မင်းသမီးတစ်ဦးကို အမေရိကန်သံအမတ်အဖြစ် ဆော်ဒီခန့်အပ်
25-Feb-2019


ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၄

ဆော်ဒီအာရေဗီယားသည် မင်းသမီး ရီမာဘင့် ဘန်ဒါအယ်လ်ဆွတ်ကို အမေရိကန်ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ရာ ဆော်ဒီဘုရင့်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးသံအမတ်ကြီး ဖြစ်လာမည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

သူမအား ရာထူးခန့်အပ်မှုကို စနေနေ့က ဘုရင့်အမိန့်ပြန်တမ်းတွင် ထုတ်ပြန် ခဲ့သည်။ မင်းသမီး ရီမာဘင့်သည် ကလေး ဘဝက ဝါရှင်တန်တွင် နေထိုင်ခဲ့ဘူးသူ ဖြစ်သည်။

သတင်းထောက်ခါရှော့ဂီကို ဆော်ဒီ အာဏာပိုင်များက လုပ်ကြံသတ်ဖြတ်မှုကြောင့် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံနေရသည့်အဖြစ်မှ အဖတ်ဆယ်ရန် ကြိုးစားနေသည့် ခက်ခဲသောအချိန်တွင် သူမက ရာထူးကို လက်ခံလိုက်ခြင်းဖြစ်သည်။

ဆော်ဒီအာဏာပိုင်များသည် အငြင်းပွားစရာ ရှင်းလင်းချက်များကို အမျိုးမျိုး ပေးခဲ့ပြီးနောက်တွင် ခါရှော့ဂီသည် အစ္စတန်ဘူးလ်ရှိ ဆော်ဒီသံရုံးအတွင်း ဝင်ရောက်သွားပြီးနောက် အသတ်ခံရခြင်းဖြစ်သည်ကို နောက်ဆုံးတွင် ဝန်ခံခဲ့ရသည်။

ဆော်ဒီအာဏာပိုင်များက ထိုဖြစ်ရပ်တွင် အိမ်ရှေ့မင်းသား ပါဝင်ပတ်သက်ခြင်းမရှိဟု တစ်သမတ်တည်း ငြင်းဆိုခဲ့ကြသည်။ ထိုအချက်ကို အမေရိကန် ထောက်လှမ်းရေးက သံသယရှိပြီး ထိုကိစ္စကို စုံစမ်းစစ်ဆေးရန် အိမ်ဖြူတော်ကို လွှတ်တော်အမတ်များက ဖိအားပေးခဲ့ကြသည်။

မကြာသေးမီကပင် နျူကလီးယား နည်းပညာနှင့် ယီမင်စစ်ပွဲ အပါအဝင် အခြားနယ်ပယ်များ၌ အမေရိကန် ဆော်ဒီ ဆက်ဆံမှုကိစ္စများကို လွှတ်တော်အမတ်များက စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြသည်။

မင်းသမီး ရီမာဘင့်သည် ဒုတိယကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခြင်း ခံရသည့် အိမ်ရှေ့မင်းသား၏ ညီငယ် မင်းသား ခါလစ်ဘင်ဆော်လ်မန်၏ အမေရိကန်ဆိုင်ရာ သံအမတ်နေရာကို အစားထိုး ရယူမည်ဖြစ်သည်။

သူမသည် ၁၉၈၃ မှ ၂၀၀၅ အထိ အမေရိကန်ဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သော ဖခင်ဖြစ်သူဘန်ဒါဘင် ဆူလ်တန်အယ်လ်ဆွတ်၏ ခြေရာကို နင်းနိုင်ခဲ့ခြင်းဖြစ်သည်။

မင်းသမီး ရီမာဘင့်သည် ငယ်စဉ်ကတည်းက ဖခင်နှင့်အတူ အမေရိကန်သို့ လိုက်ပါနေထိုင်ခဲ့ပြီး ဂျော့ခ်ျဝါရှင်တန် တက္ကသိုလ်မှ ပြတိုက်ဆိုင်ရာ ဘာသာရပ်ဖြင့် ဘီအေဘွဲ့ ရရှိခဲ့သူဖြစ်သည်။ 

သူမသည် ၂၀၀၅ တွင် ရီယာ့ဒ်သို့ ပြန်လာခဲ့ပြီးနောက် ပုဂ္ဂလိကနှင့် အများပြည်သူဆိုင်ရာ ကဏ္ဍနှစ်မျိုးစလုံးတွင် လုပ်ကိုင်ခဲ့ပြီး လက်လီအရောင်း ကုမ္ပဏီတစ်ခု၏ စီအီးအိုရာထူး အပါအဝင် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်လျက်ရှိသည်။

မင်းသမီး ရီမာဘင့်သည် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတစ်ဦးအဖြစ်လည်း လူသိများပြီး မကြာသေးမီကပင် အမျိုးသမီးများ၏ အားကစားလှုပ်ရှားမှု မြှင့်တင်ရေးအတွက် ဆော်ဒီအားကစားအဖွဲ့ချုပ်တွင် ဝင်ရောက်ဆောင်ရွက်ခဲ့သည်။

F-04