News

POST TYPE

NEWS

ထွေ/အုပ်များ ဝန်ကြီးချုပ် လက်အောက်ရောက်လာ၍ လုပ်ငန်းပိုမိုချောမွေ့လာမည်ဟု NLD ဒုဥက္ကဋ္ဌ ပြော
25-Feb-2019
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေနှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များလက်အောက် ရောက်သွားသည့်အတွက် ယခင်ကထက် လုပ်ငန်းများ ပိုမိုချောမွေ့လာမည်ဖြစ်ကြောင်း NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒုတိယဗဟိုကော်မတီ၊ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၄ ရက်နေ့အထိ NLD ပါတီ ဌာနချုပ်တွင်ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများကို သမ္မတရုံးအောက် ထည့်သွင်းလိုက်သည့်အတွက် သမ္မတက တိုက်ရိုက်ခန့်ထားသည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်လက်အောက်များသို့ ထွေ/အုပ်ဝန်ထမ်းများ ရောက်ရှိသွားခဲ့ပြီး တိုင်းအဆင့် ဝန်ထမ်း အပြောင်းအရွှေ့များတွင် ဝန်ကြီးချုပ် သဘောထား၊ သမ္မတရုံးသဘောထားများ တောင်းခံရမည်ဖြစ်တော့မည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက် မရောက်ခင်က ထွေအုပ်ဝန်ထမ်းများ အပြောင်းအလဲများပြုလုပ်ရာတွင် ဝန်ကြီးချုပ်များအနေနှင့် သိရှိခဲ့ခြင်း ပင်မရှိခဲ့ကြောင်း၊ ကျန်ရှိနေသည့်သက်တမ်းတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ဝန်ကြီးချုပ်များအနေနှင့် နိုင်နိုင်နင်းနင်း ကိုင်တွယ်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အခုကတော့ ဘာပဲပြောပြော ဝန်ကြီးချုပ်လက်အောက်၊ အစိုးရလက်အောက် ရောက်လာတဲ့အတွက် တစ်စုံတစ်ရာ တိုးတက်မှုရှိလာမယ်လို့မြင်ပါတယ်။ သူတို့ကို ဖိဖိစီးစီးခိုင်းပြီး ဆုပေးဒဏ်ပေးစနစ် သွားလို့ရတယ်။ အရင်ကလို မအားဘူး၊ လူမစုံဘူး၊ လွှတ်တော်ကိုယ်စားလှယ် မရှိဘူးနဲ့ အကြောင်းအမျိုးမျိုးပြတဲ့ ပြန်ကြားချက်တွေ မရှိနိုင်တော့ဘူး။ ဘာပဲပြောပြော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တိုင်းအစိုးရအဖွဲ့အောက်ရောက်လာတာ တကယ်ကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်”ဟု ၎င်းကရှင်းပြသည်။

အောက်ခြေအဆင့် အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများအနေနှင့် ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များနှင့် ပိုမိုထိတွေ့ဆောင်ရွက်ရန်လည်း အထက်မှ ညွှန်ကြားထားပြီဖြစ်ပြီး ရာထူးအပြောင်း အရွှေ့များတွင် ဝန်ကြီးချုပ်ထံ အသိပေးရမည်ဟူသည့် ညွှန်ကြားစာတစ်စောင်လည်း ထွက်ထားပြီးဖြစ်ကြောင်း ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“အရင်ကတည်းက ရှိတော့ရှိခဲ့တယ်ပေါ့။ ဒါပေမဲ့ NLD အစိုးရလက်ထက်မှာ ရှုပ်ထွေးမှုတွေရှိခဲ့တယ်။ ဘယ်သူ့ကို အစီရင်ခံရမလဲ ဆိုတာပေါ့။ အခုတော့ အစိုးရအဖွဲ့ကို အစီရင်ခံရမှာပေါ့လေ”ဟု ၎င်းကပြောဆိုသည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှနေ၍ အရပ်သား ပြည်ထောင်စုဝန်ကြီး တာဝန်ယူသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်သို့ ပြီးခဲ့သည့် ၂၀၁၈ ဒီဇင်ဘာလပိုင်းက လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

J-08