News

POST TYPE

NEWS

ဟူစတန်အနီးတွင် ကုန်တင်လေယာဉ် ပျက်ကျ
25-Feb-2019


ဟူစတန်၊ ဖေဖော်ဝါရီ ၂၄

ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီကြီး Amazon အတွက် ပျံသန်းပေးနေသော ကုန်တင်လေယာဉ်တစ်စင်းသည် ဟူစတန်အနီး ရေပြင်ပေါ်သို့ ပျက်ကျသွားခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

မိုင်ယာမီမှ နှစ်နာရီခရီးထွက်ခွာလာသော ဘိုးအင်း ၇၆၇ လေယာဉ်ပေါ်တွင် လေယာဉ်အဖွဲ့သား သုံးဦး လိုက်ပါလာသည်ဟု အာဏာပိုင်များက ပြောကြားသည်။

Atlas လေကြောင်းလိုင်း ခရီးစဉ် ၃၅၉၁ သည် ဟူစတန်လေဆိပ်သို့ ရောက်ခါနီး ၄၈ ကီလိုမီတာအကွာတွင် ရေဒါနှင့် ရေဒီယိုအချက်ပြမှုများ ပြတ်တောက်သွားခဲ့သည်ဟု အမေရိကန်ဖက်ဒရယ် လေကြောင်းဦးစီးဌာနက ပြောကြားသည်။

လေယာဉ်သွားလာမှုများကို ခြေရာခံ မှတ်သားပေးသော flighttradar24 ဝက်ဘ်ဆိုက်က အဆိုပါလေယာဉ်သည် Amazon အတွက် ပျံသန်းပေးနေသော ဘိုးအင်း ၇၆၇ ကုန်တင်လေယာဉ်အုပ်ထဲမှ တစ်စင်းဖြစ်သည်ဟု ပြောကြားသည်။

Atlas လေကြောင်းလိုင်းက ထိုလေယာဉ်ပေါ်တွင် အဖွဲ့သားသုံးဦး လိုက်ပါလာခဲ့ကြောင်းနှင့် လောလောဆယ်တွင် အဆိုပါသုံးဦးနှင့် မိသားစုဝင်များအရေးကိုသာ ထိပ်တန်းဦးစားပေး သတ်မှတ်ထားသည်ဟု ပြောကြားသည်။

ဟူစတန်အနီး ထရီနတီပင်လယ်ကွေ့ရှိ လေယာဉ်ပျက်ကျသောနေရာတွင် ကမ်းခြေစောင့် တပ်ဖွဲ့ ရဟတ်ယာဉ်က ပျံဝဲရိုက်ကူးထားသော ဓာတ်ပုံများကို ဒေသခံရုပ်သံ KTRK TV က ထုတ်လွှင့်ပြသခဲ့သည်။

ရွှံ့နွံထူထပ်သော နယ်မြေအတွင်း တစ်မိုင်၏ လေးပုံသုံးပုံ ပတ်လည်အတွင်း အပျက်အစီးများ ပြန့်ကျဲနေပြီး အသက်ရှင် ကျန်ရစ်သူ မရှိနိုင်ဟု မြင်တွေ့ခဲ့သူများက ပြောကြားကြောင်း ဒေသခံရဲမှူး ဘရိုင်ယန်ဟော်သွန်က ပြန်ရှင်းပြသည်။

လေယာဉ် ရုတ်တရက် တိမ်းစောင်းကာ ဦးစိုက်၍ ထိုးကျမသွားမှီ အင်ဂျင်သံ တစ်ရှိန်ထိုး မြင့်တက်လာခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။

အမေရိကန် သယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေး ဘုတ်အဖွဲ့ကလည်း လေယာဉ်ပျက်ကျသောနေရာသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ထားသည်ဟု ပြောကြားသည်။

Amazon ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဒေ့ဗ်ကလပ်က လေယာဉ်ပျက်ကျရာတွင် ပါဝင်သွားခဲ့သည့် လေယာဉ်အဖွဲ့သားများအတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်းနှင့် ကျန်ရစ်သူမိသားစုများနှင့် ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ပြောကြားသည်။

အွန်လိုင်း အရောင်းကုမ္ပဏီကြီး Amazon သည် ၂၀၁၆ ကတည်းက ကုန်တင်လေယာဉ် ကုမ္ပဏီနှစ်ခုထံမှ လေယာဉ်များကို ငှားရမ်းကာ အသုံးပြုနေပြီး ကုန်တင်ဒရုန်းယာဉ်များကိုလည်း တီထွင်ကာ ထောင်လိုက်ပေါင်းစည်းမှု မဟာဗျူဟာ ဟုခေါ်သော ဝန်ဆောင်မှုစနစ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ 

F-04


  • VIA