News

POST TYPE

NEWS

အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေနှင့် ညီ၊ မညီ ခုံရုံးကသာ ဆုံးဖြတ်နိုင်ဟု NLD တုံ့ပြန်
25-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေနှင့်ညီညွတ်ခြင်း ရှိ မရှိအပေါ် မည်သည့်အဖွဲ့အစည်းကမျှ ဆုံးဖြတ်ပေးနိုင်ခြင်းမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကသာ အဆုံးအဖြတ်ပေးနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒုတိယဗဟိုကော်မတီ၊ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၄ ရက်နေ့အထိ NLD ပါတီဌာနချုပ်တွင်ပြုလုပ်ခဲ့ပြီးနောက် အဆိုပါအစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးအတွက် ပြည်ထောင်စုလွှတ်တော် တွင် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်း လုပ်ဆောင်နေခြင်းဖြစ်ရာ ထိုသို့ကော်မတီ ဖွဲ့လုပ်ဆောင်မှုသည် ဖွဲ့စည်းပုံကျော်လွန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တပ်မတော်က စွပ်စွဲကန့်ကွက်ထားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ဥပဒေအရ ညီညွတ်ခြင်း ရှိ မရှိကို အခြားအဖွဲ့အစည်းများအနေနှင့် တရားဝင် ပြောဆိုနိုင်ခြင်းမရှိဘဲ အခြေခံဥပဒေခုံရုံးက ပြောဆိုမှသာ တရားဝင်မည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ ညီညွတ်ခြင်း၊ မညီညွတ်ခြင်းကို ဆုံးဖြတ်နိုင်တဲ့အဖွဲ့အစည်းက တစ်ခုပဲရှိတယ်။ အဲဒါ ခုံရုံးပဲ။ အဲဒီခုံရုံးကမဟုတ်ဘဲ ကျွန်တော် အပါအဝင် တစ်ယောက်ယောက်က ပြောလို့ရှိရင် တရားမဝင်ဘူး။ တကယ့် ဆုံးဖြတ်ချက်ကိုလုပ်နိုင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ခုံရုံးတင်လို့မရဘူးလေ”ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မည်မျှအောင်မြင်မည်ဆိုသည်ကို ယခုကတည်းက ကြိုတင်ပြော ဆိုနိုင်ခြင်းမရှိဘဲ ယခုမှအစပြုခြင်းဖြစ်၍ တစ်ဆင့်ခြင်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောဆိုသည်။

NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဒေါက်တာဇော်မြင့်မောင်ကလည်း ယခင်အစိုးရလက်ထက် ပြင်ဆင်ခဲ့မှု၊ ယခုအစိုးရလက်ထက်ပြင်ဆင်မှုတွင် တပ်မတော်၏ သဘောထားနှင့်ပတ်သတ်၍ မေးခွန်းထုတ်ပြောဆိုခဲ့သည်။

ယခင်အစိုးရလက်ထက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ယခုပုံစံအတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတင်သွင်းကာ ကိုယ်စားလှယ်များဖြင့် ကော်မတီဖွဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း အဆိုပါကာလက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဟုဆိုကာ ကန့်ကွက်ကြခြင်းမရှိခဲ့ကြဘဲ ယခုအကြိမ်မှ မည်သည့်အတွက်ကြောင့် ကန့်ကွက်ရသနည်းဟု ဒေါက်တာဇော်မြင့်မောင်က မေးခွန်းထုတ်ပြောဆိုခဲ့သည်။

“အဲဒီတုန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်တာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဘာလို့ ဒီအစုအဖွဲ့က မကန့်ကွက်ကြသလဲ။ အခုမှ ဘာလို့ ကန့်ကွက်ကြသလဲ။ ဒါက ကျွန်တော့် အတွေ့အကြုံအရ ပြောတာပါ”ဟု ၎င်းက ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီး အဆိုတင်သွင်းခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ်များ၏ ကန့်ကွက်မှုကိုရင်ဆိုင်ခဲ့ရပြီး မဲခွဲဆုံးဖြတ်မှသာ ယင်းအဆို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထိုနောက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီအလိုက်နှင့် အစုအဖွဲ့အလိုက် ပါဝင်သည့် ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။

J-08