News

POST TYPE

NEWS

တရုတ်ပို့ ဖရဲ၊ သခွားများ သံစူးထိုးစစ်ဆေးမှု အခြားနည်းဖြင့် စစ်ဆေးပေးရန်တင်ပြ
23-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မန္တလေးမြို့အထွက်ရှိ ထုံးဘို (၁၆) မိုင် စစ်ဆေးရေးဂိတ်တွင် အသီးများကိုသံစူးထိုး၍ စစ်ဆေးနေမှုနှင့်ပတ်သက်၍ အခြားနည်းဖြင့်စစ်ဆေးပေးရန် အကောက်ခွန်ဦးစီးဌာနထံ တင်ပြထားကြောင်း မူဆယ်(၁၀၅) မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တရုတ်ကုန်သည်များထံ ရောင်းချပြီးသည့် ဖရဲ၊ သခွားသီးများကို ဝမ်တိန်ကွင်းထဲတွင် အသီးကားလဲလှယ်ရာ၌ တွေ့ရှိချက်အရ (၁၆) မိုင်စစ်ဆေးရေးဂိတ်တွင် ဖရဲ၊ သခွားကားများကို သံစူးထိုးပြီးစစ်ဆေးသည့်အတွက် အသီးများပျက်စီးဆုံးရှုံးမှု ကြုံတွေ့နေရကြောင်း ယင်းကုန်စည်ဒိုင်ထံမှ သိရသည်။

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှိ အကောက်ခွန်ဦးစီးဌာနမှတစ်ဆင့် (၁၆)မိုင် စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများထံ အသီးကားများကိုစစ်ဆေးရာတွင် အသီးများပျက်စီးဆုံးရှုံးမှုမရှိနိုင်သည့် အခြားနည်းလမ်းဖြင့် စစ်ဆေးပေးရန် အကူအညီတောင်းခံတင်ပြထားကြောင်း မူဆယ်(၁၀၅) မိုင်သစ်သီးဝလံ ကုန်စည်ဒိုင်တာဝန်ခံ ဒေါ်ကြည်ကြည်ခိုင်က ပြောကြားသည်။

“အသီးဖာထဲမှာ ကျောက်တို့၊ သစ်တို့လိုဟာတွေပါမှာစိုးလို့ ဘေးတွေ၊ အပေါ်တွေကနေ အောက်အခြေအဆုံးအထိ သံစူးတွေနဲ့ ထိုးကြည့်တာ။ မသင်္ကာတာပါရင် အကုန်ချပြီးလှန်မှာ။ အဲဒီတော့ အသီးတွေကို ထိုးမိတာပေါ့” ဟု ၎င်းကပြောဆိုသည်။

ယင်းတင်ပြချက်ကို အကောက်ခွန်ဦးစီးဌာနအပြင် ကုန်သွယ်ရေးဦးစီးဌာန၊ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဖရဲသခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ ဖရဲသခွားအသင်းတို့ထံ မိတ္တူပေးပို့တင်ပို့ထားကြောင်း မူဆယ်(၁၀၅) မိုင်သစ်သီးဝလံ ကုန်စည်ဒိုင်ထံမှ သိရသည်။

မူဆယ် (၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင်တွင် တရုတ်နှစ်ကူးအပြီး တစ်နေ့လျှင် ဖရဲ၊ သခွားကားအစီးရေ ၅၀၀ ကျော် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည်။

J-11