News

POST TYPE

NEWS

အင်္ဂပူတွင် တရားမ၀င် သစ်တင်ကားကြောင့် တံတားကျိုးကျ၊ လူ ခြောက်ဦးသေဆုံး
22-Feb-2019


ဟင်္သာတ၊ ဖေဖော်ဝါရီ ၂၂

တရားမ၀င်သစ်များ တင်ဆောင်လာသော ကုန်တင်ကားတစ်စီး ဖြတ်သန်းမောင်းနှင်စဉ် အင်္ဂပူမြို့နယ်အတွင်းရှိ တံတားတစ်စင်း ယနေ့(ဖေဖော်ဝါရီ ၂၂ ရက်) နံနက်ပိုင်းက ကျိုးကျခဲ့ရာ လူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ခြောက်ဦးသေဆုံးခဲ့ကြောင်း ဟင်္သာတခရိုင် သစ်တောဦးစီးဌာနထံက သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်အတွင်းရှိ ထူးကြီး - ရွှေကျင် - သပြေကုန်းသွား လမ်းမ တစ်တီတူးကွင်းရွာနှင့် ဘန့်ဘွေးကုန်းရွာ ဆက်သွယ်ထားသည့် မမြပေါက်ချောင်း တံတားပေါ်တွင် ကြံခင်းမြို့နယ် ပေါက်နွယ်စမ်းအုပ်စု စပါးအိုးကျေးရွာတွင်နေ “ထိုင်သည့် အသက် ၃၂ နှစ်အရွယ် ဦးတင်မောင်ဆွေ မောင်းနှင်လာသည့် မော်တော်ယာဉ်အမှတ် ၃/က ၆၁၁၂ FAW ကား နံ့သာရောင် သစ်တင်ကားဖြတ်သန်းစဉ် တံတားကျိုးကျခဲ့ခြင်းဖြစ်ကြောင်း ယင်းရုံးက အတည်ပြုသည်။

အဆိုပါ ကျိုးကျခဲ့သည့် တံတားအရှည်မှာ ၈၅ ပေ၊ အနံ ၁၁ ပေ၊ အမြင့် ၂၀ ပေရှိပြီး ချောင်းအကျယ် ၄၅ ပေရှိကြောင်း၊ တံတားကျိုးကျခြင်းကြောင့် တိမ်းမှောက်ခဲ့သည့် သစ်တင်ကားပေါ်၌ ယာဉ်မောင်း အပါအ၀င် လူ ၉ ဦး လိုက်ပါလာခဲ့ရာ ၆ ဦး သေဆုံးခဲ့ပြီး ကျန် ၃ ဦးမှာ ထူးကြီးတိုက်နယ်ဆေးရုံထံ တင်ပို့ကုသနေဆဲဖြစ်ကြောင်း ဟင်္သာတခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်က ပြောကြားသည်။

တိမ်းမှောက်သွားသည့် သစ်တင်ကားပေါ်တွင် တရားမ၀င် တောင်သရက်ခွဲသား တောင်မရွေးခွဲသား စုစုပေါင်း ၅ ဒဿမ ၇၀၀၂ တန် ဖမ်းဆီးရမိခဲ့ရာ ယာဉ်မောင်းတင်မောင်ဆွေကို ထူးကြီး နယ်မြေရဲတပ်ဖွဲ့စခန်း (ပ) အမှတ် (၁၅၈) သစ်တောဥပဒေပုဒ်မ ၄၁ (က) ဖြင့် အရေးယူထားကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) ညနေပိုင်းတွင် ဦးဝင်းကျော်က အတည်ပြုသည်။

တံတားကျိုးကျခြင်းကြောင့် သေဆုံးခဲ့ရသူများမှာ မြန်အောင်မြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ထက်ဝေအောင်၊ အသက် ၂၉ နှစ်အရွယ် အေးမင်းစိုး၊ အသက် ၃၀ နှစ်အရွယ် အောင်ကိုဝင်းနှင့် အသက် ၂၀ နှစ်အရွယ် စည်သူအောင်တို့ဖြစ်ကြောင်း၊ ယင်းအပြင် အသက် ၄၀ အရွယ် ဦးစန်းဦး၊ အသက် ၂၀ အရွယ် ချစ်စန်းအောင်တို့ ပါဝင်ကြောင်း အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။

ယင်းနောက် ယာဉ်မောင်း ဦးတင်မောင်ဆွေကို ထူးကြီး နယ်မြေရဲတပ်ဖွဲ့စခန်း ယာဉ် (ပ) အမှတ် ၂ /၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ (က)/ ၃၃၈/ ၃၃၇ ဖြင့် ကနဦး အမှုဖွင့်ထားပြီး မော်တော်ယာဉ်ဆုံးရှုံးမှုတန်ဖိုးမှာ ၅၅ သိန်းကျပ်ဟုခန့်မှန်းထားပြီး တံတားနှင့် အခြားဆုံးရှုံးမှုများ စစ်ဆေးဆဲဖြစ်ကြောင်း အင်္ဂပူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။

R-13