News

POST TYPE

NEWS

ဆော်ဒီကို နျူကလီးယားနည်းပညာပေးရန် အမေရိကန်အစိုးရလုပ်နေသည်ဟု လွှတ်တော်ထုတ်ပြန်
22-Feb-2019



ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၂၀

အရေးကြီးသော နျူကလီးယား စွမ်းအင်နည်းပညာကို ဆော်ဒီသို့ပေးရန် အမေရိကန်အစိုးရက ဆောင်ရွက်နေသည်ဟု ကွန်ဂရက်လွှတ်တော်အစီရင်ခံစာသစ်က ဖော်ပြထားကြောင်း  သတင်းတွင် တွေ့ရသည်။

အိမ်ဖြူတော်က ဆော်ဒီနိုင်ငံတစ်လွှားတွင် နျူကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်မည့်အစီအစဉ်နှင့် ပတ်သက်၍ ဒီမိုကရက်အမတ်များ ဦးဆောင်သည့် စုံစမ်းရေးအဖွဲ့ကအစီရင် ခံခဲ့ခြင်းဖြစ်သည်။ 

ဆော်ဒီသို့ နျူကလီးယားနည်းပညာ ရောက်သွားလျှင် အရှေ့အလယ်ပိုင်းကို မတည်ငြိမ်မှုများ ဖြစ်စေနိုင်သည်ဟု အတွင်းသတင်းပေးများက လွှတ်တော်စုံစမ်းရေးကို ပြောကြားခဲ့သည်။ 

ယင်းသို့ ဆော်ဒီတွင် နျူကလီးယား ဓာတ်ပေါင်းဖိုများ သွားရောက်တည်ဆောက်မည်ကို သမ္မတနှင့် နီးစပ်သောလုပ်ငန်းကြီးများက တွန်းအားပေးလျက်ရှိသည်။ 

ကွန်ဂရက်လွှတ်တော် စောင့်ကြည့် ကော်မတီက အဆိုပါအရေးကိစ္စသည် အလွန်အရေးကြီးကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဆော်ဒီသို့ အမေရိကန်နျူကလီး ယားနည်းပညာ ပို့ခြင်းသည် လတ်တလော ဆောင်ရွက်နေသည့် ကိစ္စဖြစ်ခြင်းကြောင့် ဖြစ်ပါကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်သော အမေရိကန်ကုမ္ပဏီများနှင့် သမ္မတထရမ့်တို့ အိမ်ဖြူတော်တွင် ဆုံတွေ့ခဲ့ပြီး ဆော်ဒီအာရေးဗီးယားအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် နျူစက်ရုံများ တည်ဆောက်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။

ထရမ့်၏ သမက်ဖြစ်သူအိမ်ဖြူတော် အကြံပေး ဂျရက်ကက်ရှ်နာသည် ယခုလအတွင်း အရှေ့အလယ်ပိုင်း နိုင်ငံများသို့ လှည့်လည်သွားလာခဲ့ကာ ထရမ့်အစိုးရ၏ ငြိမ်းချမ်းရေးအစီအစဉ်မှ စီးပွားရေးရာကိစ္စများကို ဆွေးနွေးခဲ့သေးသည်။ 

လက်နက်အစီအစဉ် တစ်ခုခုကို အထောက်အပံ့ဖြစ်စေမည့် နျူကလီးယား အစီအစဉ်ကို လွှဲပြောင်းမိပါက အမေရိကန် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း လွှတ်တော်အမတ်များက ပြောကြားထားသည်။

ဆော်ဒီကို နျူကလီးယားနည်းပညာ ပေးလိုက်ပါက အရှေ့အလယ်ပိုင်းတွင် လက်နက်ပြိုင်ပွဲကြီး ဖြစ်သွားနိုင်သည်ဟု အမတ်များကဆိုသည်။

စွမ်းအင်အရင်းအမြစ်များရရှိရန်နှင့် စွမ်းအင်လိုအပ်ချက်ကို ကိုင်တွယ်ရန်အတွက် နျူကလီးယားစွမ်းအင်ကို လိုအပ်ပါကြောင်း ဆော်ဒီအာရေးဗီးယားက ဆိုထားသည်။  

F-02