News

POST TYPE

NEWS

NLD ဦးဆောင်သည့် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း ဖြစ်နိုင်ချေရှိသည်ဟု New York Times ဆောင်းပါး သုံးသပ်
22-Feb-2019

Thet Aung/Agence France-Presse — Getty Images

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

မြန်မာ့အရေး အကဲခတ်သူအချို့က အလုပ်မဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြသည့် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းမှာ အလုပ်ဖြစ်နိုင်ချေရှိကြောင်း New York Time ဆောင်းပါးရှင် ဥပဒေအကြံပေး ဂျေဆန်ဂီးဘော့ဂ်က ရေးသားဖော်ပြလိုက်သည်။

မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများ၊ လွတ်လပ်သော မူဝါဒလေ့လာရေး အစုအဖွဲ့များ၊ ပညာရှင်များ၊ မီဒီယာများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၊ အမေရိကန်လွှတ်တော် ခေါင်းဆောင် စသူတို့က မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ၇၅ ရာခိုင်နူန်းအောက် လူစုဖြင့် မပြင်နိုင်ကြောင်း နားလည်ထားပြီး ၄င်းတို့ ယူဆချက် မှားယွင်းပါကြောင်း ဆောင်းပါးရှင် ဥပဒေပညာရှင် ဂျေဆန်ဂီးဘော့ဂ် က သုံးသပ်ထားသည်။

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးများလုပ်ရန် ပိတ်ပင်ထားနိုင်သော အင်အားတစ်ရပ် လွှတ်တော်ထဲတွင် တပ်မတော်ကရှိသည်မှာ အမှန်ဖြစ်သော်လည်း လွှတ်တော်အတွင်းအရေးအရာများကို အခြေခံဥပဒေတွင် အာမခံထားခြင်းမဟုတ်ကြောင်း ယင်းဆောင်းပါးတွင် ဖော်ပြထားသည်။ 

လွှတ်တော်အတွင်း ရွေးကောက်တင်မြှောက်ခံရပြီး တက်လာသော ပြည်သူ့ကိုယ်စားလှယ်များသည် အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်များဖြင့် ယခုပင် ပြောင်းလဲနိုင်ပါကြောင်း ၄င်းက ထောက်ပြထားသည်။

၎င်းက ထောက်ပြထားသောအချက်မှာ အခြေခံဥပဒေတွင် တပ်မတော်က ၂၅ ရာခိုင်နူန်း လွှတ်တော်ထဲ နေရာယူစေ၊ အရပ်သားရွေးကောက်ခံများက ၇၅ ရာခိုင်နူန်း လွှတ်တော်ထဲ နေရာယူစေဆိုပြီး သတ်မှတ်ချက်ပြုထားခြင်း မဟုတ်ပေ။

ဥပမာဆိုရလျှင် ပြည်သူ့လွှတ်တော်တွင် စုစုပေါင်းနေရာ ၄၄၀ ထက်မပိုရဟု ဆိုထားပြီး ၃၃၀ ထက်မပိုသော နေရာကို ရွေးကောက်ခံများက ရမည်ဖြစ်ပြီး၊ တပ်မတော်က ၁၁၀ ထက်မပိုသော နေရာကို ရမည်ဟု ဆိုထားခြင်းဖြစ်သည်။

ရာခိုင်နူန်းဖြင့် တွက်ကြည့်သော် တပ်မတော်သည် ၂၅ ရာခိုင်နူန်းရှိနေသဖြင့် အလွယ် ၂၅ ရာခိုင်နူန်းဟု ခေါ်ကြခြင်းဖြစ်ပြီး တကယ်တမ်း အရေအတွက်ကိုသာ ဖော်ပြထားခြင်းဖြစ်သည်။

ထို့ကြောင့် ထိုအရေအတွက်ကို လျှော့နိုင်ပြီး အကယ်၍ မလျှော့စေလိုပါက အခြေခံဥပဒေပုဒ်မ ၁၄၁ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေတွင် ရေးထားသကဲ့သို့ ဘယ်လောက်ပဲဖြစ်ရမည်ဟု အတိအကျရေးထားမည်ဖြစ်ကြောင်း ယင်းဆောင်းပါးတွင် ထောက်ပြထားသည်။

ပြည်သူ့လွှတ်တော် (မူရင်းဆောင်းပါးက အောက်လွှတ်တော်ဟု သုံးသည်) တွင် အမတ်အရေအတွက် ၃၂၃ ဦးရှိနေပြီး တကယ်တမ်း ၃၃၀ ထက်မကျော်ရဟူ၍ ရှိရာ လျော့ပြီးရှိ၍ရသည့် သဘောရှိပါသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်တင်မြှောက်ခြင်း ဥပဒေကို ပြင်နိုင်ပြီး တပ်မတော်သားအရေအတွက်ကို လျှော့ချနိုင်ကာ အခြေခံဥပဒေပြင်ဆင်ရေးလိုလားသော အခြားတိုင်းရင်းသားအစုအဖွဲ့များနှင့် မဟာမိတ်ပြုနိုင်ပါက အခြေခံဥပဒေပြင်ဆင်ရေးအတွက် အမတ်အားလုံး၏ ၇၅ ရာခိုင်နူန်းကျော်ကို ရနိုင်မည်ဟု ယင်းဆောင်းပါးက ထောက်ပြထားသည်။