News

POST TYPE

NEWS

သွေးအားနည်းခြင်းသည် အမျိုးသားအဆင့် အာဟာရဆိုင်ရာ အရေးပေါ်အခြေအနေဟု စစ်တမ်းဆို
21-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေး စစ်တမ်းရလဒ်များအရ သွေးအားနည်းခြင်းသည် အမျိုးသားအဆင့် အာဟာရဆိုင်ရာ အရေးပေါ်အခြေအနေဖြစ်ကြောင်း အဆိုပါစစ်တမ်းအရ သိရသည်။

“တကယ်က ကျန်းမာရေးပြဿနာ အဆင့်မြင့်တာကိုပြောတာပါ။ ဒီရောဂါကို အသက်အုပ်စုတစ်စုမှာ ၄၀ ရာခိုင်နှုန်းကျော်ရင် ပြည်သူ့ကျန်းမာရေးပြဿနာ ပြင်းထန်အဆင့်လို့ သတ်မှတ်တယ်။ အုပ်စုတိုင်းမဟုတ်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ၄၀ ရာခိုင်နှုန်းရှိနေတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ရှင်းပြသည်။

သွေးအားနည်းခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များတွင် ၄၀ ရာခိုင်နှုန်း၊ နို့တိုက်မိခင်များတွင် ၃၅ ရာခိုင်နှုန်းနှင့် အသက် ၁၅ နှစ်မှ ၄၉ နှစ်အရွယ် အမျိုးသမီးများတွင် ၃၀ ရာခိုင်နှုန်း ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေး စစ်တမ်းရလဒ်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ကိုယ်ဝန်ဆောင်မိခင်များတွင် သွေးအားနည်းခြင်းနှင့် ပတ်သက်၍ သံဓာတ်အားဆေးသောက်သုံးမှု၊ သံဓာတ်အားဆေးများ၏ စွမ်းရည်ပြည့်မှု၊ သံဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူအသုံးချနိုင်စွမ်းရှိမှုနှင့် အစာအုပ်စု စုံလင်စွာ စားသုံးမှုအခြေအနေများအား လက်တွေ့အသုံးချသုတေသနများ ပြုလုပ်၍ အဆိုပါ သုတေသနရလဒ်များကို အခြေခံကာ ဦးစားပေးချမှတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အဆိုပါ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေး စစ်တမ်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၅ သိန်းခန့်၊ Unicef အဖွဲ့က အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ခန့်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အမေရိကန်ဒေါ်လာ ၂၁၆,၀၀၀ ခန့်၊ Access to Health Fund ရန်ပုံငွေက အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ခန့် ပံ့ပိုးဆောင်ရွက်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁,၁၉၆,၀၀၀ ခန့် ကုန်ကျခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

J-12