News

POST TYPE

NEWS

သာစည်တွင် အမျိုးသားတစ်ဦး လေးခွဖြင့် ပစ်ခံရ၍ မျက်လုံးထွက်ကျ
19-Feb-2019

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၉

သာစည်မြို့နယ် ယင်းမာပင်ကျေးရွာရှိ အသက် (၅၀) အရွယ် အမျိုးသားတစ်ဦးကို လွန်ခဲ့သည့်ငါးရက်ခန့်က လူနှစ်ဦးက လေးခွဖြင့်ပစ်၍ မျက်စိထွက်သွားသဖြင့် ဖေဖော်ဝါရီ ၁၈ ရက်ညပိုင်းက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းကျေးရွာနေ ဦးလွင်ဦး (ခ) ဦးညွှန့်ဦးသည် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီခွဲခန့်က ဟိုက်ဂျက်မော်တော်ယာဉ်ဖြင့် မိတ္ထီလာ-တောင်ကြီး ကားလမ်းအတိုင်း သာစည်မြို့မှ ယင်းမာပင်ကျေးရွာသို့ ပြန်လာစဉ် လှိုင်းတက်ကျေးရွာအနီးရှိ ခွေးသေချောင်းတံတားသို့အရောက် အမည်မသိအမျိုးသားနှစ်ဦး မောင်းနှင်သည့် ဆိုင်ကယ်တစ်စီးမှ ယာဉ်၏ ဝဲဘက်ခြမ်းမှ ကျော်တက်၍ ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်း လာသူက လေးခွဖြင့် ပစ်ခဲ့သဖြင့် ဦးလွင်ဦး (ခ) ဦးညွှန့်ဦးတွင် ယာဘက်မျက်လုံးထွက်ကျဒဏ်ရာ ဝဲဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမည်မသိအမျိုးသားနှစ်ဦးကို သာစည်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့ကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01