POST TYPE
NEWS
မွန်ပြည်နယ်၌ အစိုးရသစ်လက်ထက်တွင် မြေယာပြဿနာ တိုင်ကြားစာနှစ်ရာခန့်ရှိ
19-Feb-2019
မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈
မွန်ပြည်နယ်၌ အစိုးရသစ်လက်ထက်တွင် မြေယာပြဿနာနှင့်ပတ်သက်၍ တိုင်ကြားစာ၂၀၀ ခန့် လက်ခံရရှိထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။
“စိစစ်ဖို့ အမှုတွဲပေါင်း ၁၉၂ မှုရှိတယ်။ စိစစ်ပြီးလို့ မြေစစ်ဗဟိုကို တင်ပြထားတာလည်းရှိတယ်။ စိစစ်ပြီးတော့ အတည်ပြရသေးတဲ့ အမှုတွဲတွေလည်းရှိတယ်၊ မြေပြင်မှာ ကွင်းဆင်းစစ်ဆေးဆဲ အမှုတွေလည်းရှိတယ်၊ ဒါတွေက အခုအစိုးရသစ်လက်ထက် သုံးနှစ်အတွင်းမှာ မြေယာနဲ့ ပတ်သက်တဲ့တိုင်ကြားစာတွေပဲ”ဟု ၎င်းက ပြောဆိုသည်။
ထိုမြေယာ တိုင်ကြားစာများမှာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီသို့ ပေးပို့တိုင်ကြားလာသည့် တိုင်ကြားမှုများဖြစ်ကြောင်းလည်း ဦးမြင့်သန်းဝင်းက ရှင်းပြသည်။
တိုင်ကြားစာများအနက် ကော်မရှင်မှစိစစ်ပြီး နေပြည်တော် မြေယာစိစစ်ရေး ဗဟိုသို့တင်ပြထားသည့် အမှုတွဲ ၁၀၄ မှုရှိကာ စိစစ်ပြီးနောက် ဗဟိုသို့မတင်ပြရသေးသည့် အမှုပေါင်း ၆၆ မှုရှိကြောင်းနှင့် မြေပြင်တွင် စိစစ်ဆဲ မြေယာအမှုပေါင်း ၂၂ မှုရှိကြောင်း ပြည်နယ်လယ်ယာမြေနှင့် အခြာမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ၏စာရင်းများအရ သိရသည်။
“တိုင်ကြားစာတွေက ကော်မတီကို တိုက်ရိုက်တိုင်ကြားလာတဲ့ စာတွေလည်းရှိသလို၊ လွှတ်တော်ကို ရောက်လာတဲ့စာတွေကနေ အစိုးရကိုလွှဲပေးတဲ့ အမှုတွေလည်းရှိတယ်၊ နောက်ပြီး နိုင်ငံတော်သမ္မတ ခရီးစဉ်မှာ လာတိုင်တဲ့မြေယာအမှုတွေလည်း ဒီအထဲမှာပါတယ်”ဟု ဦးမြင့်သန်းဝင်းက ထပ်လောင်းပြောဆိုသည်။
အလားတူ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနာခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီသို့ တိုင်ကြားလာသည့်တိုင်ကြားစာများအနက် ၇၀ ရာခိုင်နှုန်းသည် မြေယာပြဿနာနှင့်ပတ်သက်သည့် တိုင်စာများဖြစ်ကြောင်း၊ ထိုမြေယာတိုင်ကြားစာ ၇၀ ရာခိုင်နှုန်းအနက် ၂၀ ရာခိုင်နှုန်းခန့်သာ ပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးခဲ့ကြောင်း တိုင်ကြားစာ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောကြားသည်။
“မြေယာပြဿနာက များတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ဖြေရှင်းလို့ရတဲ့ ကိစ္စဆိုရင် ကျွန်တော်တို့ကော်မတီက ဖြေရှင်းပေးလိုက်တယ်၊ အစိုးရဌာနကိုလွှဲပေးတယ်ဆိုတာက ၂၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်၊ ၅၀ ရာခိုင်နှုန်းလောက်ကို ကော်မတီက ဖြေရှင်းယူတာပဲ”ဟု ၎င်းက ပြောဆိုသည်။
မွန်ပြည်နယ်အစိုးရလက်အောက်ရှိ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ တိုင်ကြားလာသည့် မြေယာကိစ္စရပ်များအနက် အချို့မှာ ယခင်ကတည်းက ဖြစ်ပွားနေသည့် မြေယာပြဿနာများဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
R-21
- VIA
- Voice Admin
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021