News

POST TYPE

NEWS

အာနန္ဒာအပါအဝင် ပုဂံဘုရားလေးဆူတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာအဖြစ် သတ်မှတ်
18-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၁၈

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားဖူး အများအပြား လာရောက်ဖူးမြော်လေ့ရှိသော အာနန္ဒာဘုရားအပါအဝင် ဘုရားလေးဆူနေရာတစ်ဝိုက်ကို ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ် သတ်မှတ်လိုက်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေရှင်းထံမှ သိရသည်။

ယင်းဘုရားများသည့် လူအများ လာရောက်သည့်နေရာများ ဖြစ်သည့်အတွက် ထိုသို့ ဆေးလိပ်ငွေ့ကင်းစင် နေရာများအဖြစ် သတ်မှတ်လိုက်သော်လည်း ယင်းဘုရားများ၏တဝိုက် လူအများနှင့်ဝေးကွာသည့်နေရာများတွင် ဆေးလိပ်သောက်သုံးရန် နေရာများ ပြန်လည်သတ်မှတ်ပေးထားသည်။

“အခုကတော့ ဆိုင်းဘုတ်ကြီးတွေ ထောင်ထားတယ်။ ဆေးလိပ်သောက်သုံးဖို့နေရာတွေ သတ်မှတ်ပေးထားတယ်။ ဘုရားအတွင်းမှာ ဆေးလိပ်မသောက်ဖို့ ကြေညာတယ်။ အခုကတော့ ဆေးလိပ်သောက်သုံးတာနည်းသွားတာ တွေ့ရတယ်ပေါ့။ ဝန်ထမ်းနှစ်ယောက်ထားပြီး စောင့်ကြည့်မှုတွေတော့ လုပ်ထားတယ်။ သောက်တာတွေ့ရင်လည်း မသောက်ဖို့မေတ္တာရပ်ခံရတယ်”ဟု ထီးလိုမင်းလိုဘုရားဂေါပက အတွင်းရေးမှူး ဦးတင်လှဦးက ပြောကြားသည်။

အာနန္ဒာ၊ ရွှေစည်းခုံ၊ ထီးလိုမင်းလိုနှင့် သဗ္ဗေညုဘုရားများတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက်နေကြောင်း၊ ယင်းသို့လုပ်ဆောင်ခြင်းကို ပုဂံ-ညောင်ဦးမြို့များတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း၊ သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ပုဂံရှေးဟောင်းဌာနခွဲတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

ဆေးလိပ်သောက်သုံးသူများကြောင့် ဆေးလိပ်မသောက်သုံးသူများ ဆေးလိပ်ငွေ့များ ရှုရှိုက်နေရခြင်းကိုကာကွယ်ရန်၊ ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဆေးလိပ်ငွေ့ရှုရှိုက်ရခြင်းမှ အကာအကွယ်ပေးလိုခြင်းတို့ကြောင်း ဆေးလိပ်ငွေ့ကင်စင်နေရာအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်း ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများဖြစ်စေရန် ဘုရား ၄ ဆူတွင် အသိပညာပေး ဆိုင်းဘုတ်များစိုက်ထူခြင်း၊ စတစ်ကာများကပ်ခြင်း၊ ဆေးလိပ်သောက်သုံးရန် နေရာသတ်မှတ်ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်နေကြောင်း၊ ကျန်ဘုရားများတွင်လည်း ဆေးလိပ်ငွေ့ကင်းစင်ရေး ယခုနှစ်အတွင်း အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေရှင်းထံမှ သိရသည်။

M-05