News

POST TYPE

NEWS

ရွှေဆွဲကြိုး ခိုးယူပြေးသည့် အမျိုးသမီးကို ရပ်ကွက်နေသူများက ဝိုင်းဖမ်း
18-Feb-2019
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ 

လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်၊ ပညာလမ်းတွင် ဖေဖော်ဝါရီလ ၁၆ ရက် ည ၇ နာရီခွဲက ရွှေဆိုင်တစ်ဆိုင်တွင် ဈေးဝယ်သူဟန်ဆောင်၍ ရွှေဆွဲကြိုး ခိုးယူထွက်ပြေးသည့် အမျိုးသမီးတစ်ဦးကို ရပ်ကွက်နေသူများက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အသက် ၁၉ နှစ် အမျိုးသမီးမှာ ယင်းမြို့နယ် အမှတ် (၅) ရပ်ကွက်၊ မဟာဆွေလမ်းရှိ အဆောင်တွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ညက ပညာလမ်းရှိ ရွှေဆိုင်သို့သွားရောက်ပြီး အလေးချိန် တစ်ကျပ်သားကျော်ရှိ ရွှေဆွဲကြိုးတစ်ကုံးကို ခိုးယူထွက်ပြေးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“ရွှေဆိုင်မှာ ရွှေဝယ်ယူမယ့်ပုံစံနဲ့ ဖမ်းမိတဲ့ အမျိုးသမီးက မှန်ပုံးထဲမှာရှိတဲ့ ဆွဲကြိုးတစ်ကုံးကို ထုတ်ပြခိုင်းတယ်။ ပြီးတော့ နောက်ထပ်ဆွဲကြိုးတစ်ကုံးကို ထပ်ပြပါဦးပြောလို့ ဆိုင်ရှင်က မှန်ပုံးထဲမှာရှိတဲ့ ဆွဲကြိုးကို ခေါင်းငုံ့ပြီး ယူနေချိန် ပထမ ထုတ်ပြထားတဲ့ ဆွဲကြိုးကို ဖမ်းဆီးခံရတဲ့ အမျိုးသမီးကယူပြီး ထွက်ပြေးသွားတာ”ဟု ရဲအရာရှိက ရှင်းပြသည်။

ရွှေဆွဲကြိုးအား ခိုးယူထွက်ပြေးသည့် အမျိုးသမီးနောက်သို့ ရွှေဆိုင်ပိုင်ရှင်က လိုက်ပြီးဖမ်းဆီးစဉ် ယင်းအမျိုးသမီးမှာ သမာဓိလမ်းရှိ အဆောင်တစ်ဆောင်ပေါ်သို့ တက်ပြေးသွားပြီးနောက် ပတ်ဝန်းကျင်ရှိ လူအများက လိုက်လာသဖြင့် အဆောင်ပေါ်မှ ခုန်ချထွက်ပြေးစဉ် ပိတ်ဆို့ဖမ်းဆီးခံရခြင်းဖြစ်ပြီး အဆိုပါအမှုကို လှိုင်သာယာမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၀(ခိုးမှု)ဖြင့် အမှုဖွင့် အရေး ယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03