News

POST TYPE

NEWS

ကျိုင်းတုံတွင် ကျောင်းသားများကို ပထမဆုံးအကြိမ် သေနတ်ပစ်သင်ကြားပေးမည်
17-Feb-2019


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခရိုင်မိုးလုံလေလုံနှင့် လေ့ကျင့်ရေးအားကစားရုံကြီးတွင် နွေရာသီကျောင်းပိတ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက်မှစတင်၍ ကျောင်းသား၊ ကျောင်းသူများကို ပထမဆုံးအကြိမ် သေနတ်ပစ်သင်ကြားပေးမည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဒေါ်တင်တင်ဝင်းက ပြောကြားသည်။

“သေနတ်ပစ်သင်တန်းက ပထမဆုံးအကြိမ် ဖွင့်လှစ်တာဖြစ်ပြီး ဌာနချုပ်က နည်းပြဆရာတွေ လာသင်ကြားပေးမှာပါ။ နှစ်စဉ်သင်ကြားပေးနေတဲ့ ကရာတေးဒို၊ တိုက်ကွမ်ဒိုနဲ့ မြန်မာ့သိုင်းတွေလည်း သင်ကြားပေးမှာပါ။ ဒီနှစ်သင်တန်းကိုတော့ အခြေခံပညာကျောင်းသားတွေသာမက တက္ကသိုလ်ကျောင်းသားတွေနဲ့ တက်ချင်တဲ့ဘယ်သူ့ကိုမဆို သင်ကြားပေးမှာပါ”ဟု ၎င်းက ဆိုသည်။

ကျောင်းသား၊ ကျောင်းသူများကြား၌သာမက အလွှာအသီးသီးရှိ လူငယ်ထုကြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပျံ့နှံ့နေသည့် ကျိုင်းတုံမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များအတွက် အားကစားနည်းမျိုးစုံ သင်ပေးခြင်းသည် လူငယ်များကို မူးယစ်ဆေးမစွဲစေရန် ဆွဲဆောင်မှုတစ်မျိုးဖြစ်၍ ကောင်းမွန်ကြောင်း ယင်းမြို့ဒေသခံများက ပြောကြားသည်။

ကျိုင်းတုံမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့သည် နွေကျောင်းပိတ်ရက် ကာလတွင် အခြေခံပညာ ကျောင်းသား၊ကျောင်းသူများကို ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်းစသည်တို့ကို တစ်လကြာအခမဲ့သင်ကြားပေးနေသော်လည်း သေနတ်ပစ်သင်တန်းသည် ယခုနှစ်မှသာ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။

R-16




  • VIA