News

POST TYPE

NEWS

သာမဏေကျော်စာမေးပွဲ ဖြေဆိုပြီး ရခိုင်မှ ပြန်လာကြသည့် သံဃာတော်များ စစ်ဆေးခံရ
17-Feb-2019

စစ်တွေ၊ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရက္ခ ပူရသာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲ ဖြေဆိုပြီး ပြည်မဘက်သို့ ပြန်လာကြသည့် သံဃာတော်များသည် ပဲခူးတိုင်း ဒေသကြီး ပြည်မြို့တွင် တားဆီးစစ်ဆေးခြင်း ခံခဲ့ရသည်။

ရက္ခပူရ သာသနာလင်္ကာရသာမဏေကျော် စာမေးပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပရာ ပြည်နယ်နှင့် တိုင်းအသီးသီးမှ သံဃာအပါး ၅၀၀ ကျော်၊ သီလရှင် ၁၅ ပါး ဖြေဆိုခဲ့ကြသည်။

ထိုသို့ စာဖြေဆိုပြီး ကား ၈ စီး၊ သံဃာ အပါး ၃၀၀ ကျော်တို့ နေရပ်သို့ပြန်ကြရာ ပြည်မြို့သို့မရောက်မီ ဥသျှစ်ပင် စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၂ နာရီအချိန်ခန့်မှာ တားဆီးကာ စစ်ဆေးကြောင်း ဦးအဂ္ဂဝံသထံမှ သိရသည်။

“ဂိတ်မှာ စစ်တဲ့အဖွဲ့မှာ ဘုန်းကြီး ၃ ပါးပါတယ်။ စစစ်တော့ စာမေးပွဲဖြေလို့ လာတယ်လို့ပြောတယ် မယုံဘူး၊ မေးခွန်းလွှာတွေ၊ အောင်လက်မှတ်တွေကို တောင်းတယ်ဆိုတော့ အဲဒီစစ်ဆေးတဲ့ အဖွဲ့က ဘုန်းကြီးတွေက ယုံတယ်။ အာဏာပိုင်တွေက မယုံလို့ မလွှတ်ပေးဘူး”ဟု ဦးအဂ္ဂဝံသက မိန့်ကြားသည်။

ယင်းနောက် ပြည်မြို့ရှိ ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ဆောင်သွားပြီး ကျောင်းအား ပိတ်ကာ မှတ်ပုံတင်များကို စစ်ဆေးကြောင်း၊ မှတ်ပုံတင်မပါသည့် သံဃာများကို ခံဝန်လက်မှတ် ထိုးခိုင်းကာ ဓာတ်ပုံများ ရိုက်ပြီး မွန်းလွဲ ၂ နာရီ ခန့်မှာ ပြန်လည်လွှတ်ပေးလိုက်ကြောင်း စစ်ဆေးခံရသော သံဃာတော်များထံမှ သိရသည်။

“အရင် တစ်ခါမှ ဒီလိုစစ်ဆေးမှု မရှိတော့ မှတ်ပုံတင်တွေကို ယူမသွားကြဘူး။ အဓိကတော့ ဘုန်းကြီးအသွင်နဲ့ AA ဗမာပြည်ကို ဝင်လာမယ်ကြားလို့ စစ်တာလို့ သိရတယ်။ သံဃာတွေကို စိတ်ဆင်းရဲအောင် လုပ်တယ်”ဟု ဦးအဂ္ဂဝံသက မိန့်ကြားသည်။

ရက္ခပူရသာသနာလင်္ကာရသာမဏေကျော် စာဖြေပွဲကို ၂၀၁၆ ခုနှစ်မှစ၍ ကျင်းပပြုလုပ်ရာ ပြည်တွင်းကသာမက ပြည်ပနိုင်ငံများကပါ လာရောက်ဖြေဆို ကြကြောင်း၊ စာမေးပွဲဖြေဆိုရန် လာကြမည့် ခရီးစဉ်များကိုလည်း သက်ဆိုင်ရာသို့ အသိပေးထားကြောင်း ရက္ခပူရသာသနာ လင်္ကာရအသင်းမှ သိရသည်။

၎င်းစစ်ဆေးခံရသည့် သံဃာတော်များထဲတွင် တိုင်းရင်းသားပေါင်းစုံ သံဃာတော်များပါဝင်ပြီး သံဃာတော်များသည် မန္တလေး၊ ရန်ကုန်၊ တောင်ကြီး စသည့်မြို့နယ်တို့တွင် အစိုးရမဟုတ်သော အသင်းတော်များက ကျင်းပပြုလုပ်သော စာမေးပွဲများကို သွားရောက်ဖြေဆိုနေကြခြင်းဖြစ်ကြောင်း သံဃာတော်များက ဆိုကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပဲခူးတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်ဝန်ကြီး ဒေါက်တာ စောညိုဝင်းအား ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပဲခူးတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်ဝန်ကြီး ဒေါက်တာစောညိုဝင်းအား ဆက်သွယ်မေးမြန်းရာ “သံဃာတော်တွေများတော့ စိုးရိမ်လို့ လျှောက်ထားမေးမြန်းတာပါ”ဟု ပြန်လည်ဖြေကြားသည်။

R-22