News

POST TYPE

NEWS

အလုပ်သမားအခွင့်အရေးအတွက် အင်အား ၅၀၀ ဝန်းကျင်ဖြင့် ဆန္ဒထုတ်ဖော်
17-Feb-2019


မန္တလေး၊ ဖေဖော်ဝါရီ ၁၇

မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက မန္တလေး၊ ရန်ကုန်နှင့် မြောင်းမြမြို့တို့မှ အလုပ်သမားအင်အား ၅၀၀ ဝန်းကျင်ဖြင့် အလုပ်သမားအခွင့်အရေးများနှင့်ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

"လွှတ်တော်နဲ့ အစိုးရက အလုပ်သမားဥပဒေတွေကို ပြုပြင်တာတွေ၊ ပြင်ဆင်တာတွေ၊ ပြောင်းလဲတာတွေ လုပ်တဲ့အခါမှာ ကျွန်တော်တို့ အလုပ်သမားကိုယ်စားလှယ်တွေရဲ့ အသံတွေကို လျစ်လျူရှုထားတာများပါတယ်။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ရေးဆွဲနေတဲ့အခါမှာ ကျွန်တော်တို့ အလုပ်သမားတွေရဲ့ အသံတွေမပါတာတွေ့ရပါတယ်။ အလုပ်သမားဝန်ကြီးဌာနက ရေးဆွဲနေတဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေမှာလည်း အလုပ်သမားသမဂ္ဂတွေရဲ့ တည်ရှိမှုကို စိန်ခေါ်တဲ့ အချက်တွေ အများကြီးပါရှိလာတယ်။ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ချိုးဖောက်လာပါတယ်။ ဒါတွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ် " ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောကြားသည်။

အဆိုပါအလုပ်သမားများသည် မန္တလေး MICS ရုံးရှိရာ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စက်မှုဇုန်အနီးမှ မဟာအောင်မြေမြို့နယ်အတွင်းရှိ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းအနီးအထိ လမ်းလျှောက်၍ အလုပ်သမားတရားရုံးများပေါ်ပေါက်ရေး၊ ဆောက်လုပ်ရေးအလုပ်သမားများကို ကန့်သတ်သည့် ညွှန်ကြားချက်များ ဖျက်သိမ်းပေးရေး၊ အထူးစီးပွားရေးဇုန် အလုပ်သမားများ ဥပဒေအကာကွယ်ရရှိရေး၊ ILO ပြဌာန်းချက်အမှတ် ၉၈ ကို မြန်မာအစိုးရက ပါဝင်လက်မှတ်ထိုးရေး၊ မန္တလေးတိုင်းတွင် အလုပ်သမားဝန်ကြီး ခန့်ထားပေးရေးတို့ကို ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယခုအလုပ်သမားဆန္ဒထုတ်ဖော်မှုသည် ခွင့်မပြုဘဲ ဆန္ဒပြသည့်အတွက် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲအတွက် ငြိမ်းစုစီဥပဒေနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့သို့ ခွင့်ပြုချက်တင်ပြခဲ့ရာ ဦးဆောင်မည့်ပုဂ္ဂိုလ်သည် သက်ဆိုင်ရာမြို့နယ်မှတ်ပုံတင်ကိုင်ဆောင်သူမဟုတ်သည့်အတွက်ဟုဆိုကာ ပိတ်ပင်တားမြစ်ခဲ့သည့်ကြားမှ ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ဆန္ဒပြမှုကို ခွင့်မပြုခဲ့သည့်အပြင် ချီတက်ဆန္ဒပြရာတွင်လည်း စတင်ထွက်ခွာစဉ်တွင် တစ်ကြိမ်၊ ချမ်းမြသာစည်မြို့နယ်အတွင်းတွင် နှစ်ကြိမ် အသီးသီးတားဆီးမှုများပြုလုပ်ခဲ့သည်။

"နိုင်ငံသားတစ်ယောက်ရဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ကို ပိတ်တာပဲဖြစ်ပါတယ်။ ကျွန်တော်က ဒီမြို့နယ်က မှတ်ပုံတင်ကို ကိုင်ဆောင်ခြင်းမရှိတဲ့အတွက်လို့ ဆိုပါတယ်။ ကျွန်တော်တို့က တစ်နိုင်ငံလုံးက အလုပ်သမားတွေနဲ့ဆိုင်တဲ့ အရေးကိစ္စတွေကို တောင်းဆိုတာဖြစ်တယ်။ ကျွန်တော်တို့သည် ဥပဒေနဲ့အညီပဲ အကြောင်းကြားရန်တာဝန်ကို မပျက်ကွက်ခဲ့ဘူး။ ကျွန်တော်တို့ကို အရေးယူလိမ့်မယ်လို့လည်း မျှော်လင့်ထားပြီးသားပါ။ ရင်ဆိုင်သွားမှာပါ " ဟု ဦးဆောင်သူ ဦနေလင်းအောင်က ပြောဆိုသည်။

M-04

Photo - Mg Thant