News

POST TYPE

NEWS

သိန်းတစ်သောင်းကျော်ရှိ မူးယစ်ဆေးဝါးများ ထုပ်ပိုးထားသော ပါဆယ်ထုပ်လာထုတ်ယူသူကို စာတိုက်ကြီး၌ဖမ်းမိ
12-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်ဗဟိုစာတိုက်ကြီးတွင် ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲပိုင်းက ဂျာမနီနိုင်ငံမှပေးပို့လာသော ကျပ်သိန်းတစ်သောင်းကျော်ရှိ မူးယစ်ဆေးဝါးများ ပါရှိသော ပါဆယ်ထုပ်ကို လာထုတ်ယူသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ဂျာမနီနိုင်ငံမှ ပေးပို့လာသည့် စက္ကူဂျပ်ဖာတစ်ထုပ်တွင် မသင်္ကာဖွယ်ပစ္စည်းများ ပါရှိကြောင်း ရန်ကုန်ဗဟိုစာတိုက်ကြီးက သတင်းပေးပို့လာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဂျပ်ဖာပုံးထဲမှ Ecstasy ဟု ယူဆရသည့် ပန်းရောင်လေးထောင့်ဆေးပြား ၂၆၁၈၉ ပြားနှင့်အတူ ယင်းပါဆယ်ထုပ်အား လာရောက်ရွေးယူမည်သူ၏ အမည်စာရင်းကို ရရှိခဲ့သည်။

ကာလဒေသပေါက်ဈေး ကျပ်သိန်းတစ်သောင်းကျော်ရှိသော ပါဆယ်ထုပ်ကို ယင်းနေ့ မွန်းလွဲပိုင်းတွင် ဗဟိုစာတိုက်ကြီးသို့လာရောက်၍ ရွေးယူသူ အသက် ၂၈ နှစ် ကျော်ဇေယျ (ခ) ကောင်းမြတ်ကို ဖမ်းဆီးရမိခဲ့ပြီး ယင်းအမျိုးသားမှာ ရှမ်းပြည် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နေထိုင်သူဖြစ်ပြီး လက်ရှိ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ခေတ္တနေထိုင်နေကြောင်း သိရှိရသဖြင့် ကျောက်တံတားမြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က/ ၂၀(ခ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်ဗဟိုစာတိုက်ကြီးတွင် ဂျာမနီနိုင်ငံနှင့် အမေရိကန်နိုင်ငံသို့မှ ပေးပို့လာသည့် ပါဆယ်ထုပ်အချို့မှ ကိုကင်းနှင့် Ketamine အမျိုးအစား မူးယစ်ဆေးဝါးများကို ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး ပါဆယ်ထုပ် လာထုတ်ယူသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာမှ သီရိမင်္ဂလာဈေးဟောင်းဝင်းရှိ တိုက်ခန်းတစ်ခန်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ပြုလုပ်သည့် စက်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

S-03