POST TYPE

NEWS

ငြိမ်းချမ်းရေးနှင့်လိုက်လျောညီထွေသည့် အခြေခံဥပဒေတစ်ခုအဖြစ် ပြုပြင်မည်
12-Feb-2019


၇၂ နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို တွေ့ရစဉ်

မန္တလေး၊ ဖေဖော်ဝါရီ ၁၂

ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်နေချိန်တွင် အဟန့်အတားအဖြစ်ရှိနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးစတင် ဆောင်ရွက်နေပြီဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် လိုက်လျောညီထွေဖြစ်မည့် ဖွဲ့စည်းပုံအခြေခံတစ်ခုအဖြစ် ပြင်ဆင်သွားရန်ရှိနေကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ကော်မတီတစ်ရပ်ဖွဲ့စည်းရေးအရေးကြီးအဆိုတစ်ခုကို တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးက မဲခွဲဆုံးဖြတ်ပြီး အတည်ပြုနိုင်ခဲ့ခြင်းကို ပြည်သူလူထုက ထောက်ခံမှုများပြုလုပ်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၂ နေ့က မန္တလေးတိုင်း မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းတွင် ပြုလုပ်သည့် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင်မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးသည် အဖွဲ့အစည်းတစ်ရပ်တစ်ခုအကျိုးကို ဘေးဖယ်ကာ နိုင်ငံ့အကျိုးကို မျှော်မှန်းစဉ်းစားပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန် တိုင်းရင်းသားအားလုံး ဝိုင်းဝန်းကြိုးပမ်းပေးစေလိုကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

“National Interest နိုင်ငံတစ်ခုလုံးအနေနဲ့ စဉ်းစားစေချင်တယ်။ အဲဒါမှသာလျှင် အပေးအယူအလျှော့အတင်း လုပ်ပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်မှာဖြစ်တယ်။ အဲဒါကလည်း အားလုံးရဲ့ ပန်းတိုင်၊ အားလုံးရဲ့မျှော်လင့်ချက်။ အဲ့တော့ ဒီနေ့ ၇၂ နှစ်မြောက်မှာ ပြန်ပြီး စဉ်းစားသုံးသပ်စေချင်တယ်။ ကျွန်တော်တို့ ဆယ်စုနှစ် ၇ ခုလောက် ရုန်းကန်လှုပ်ရှားခဲ့ပြီးပြီ။ နောက်ဆုံးနာတာက ပြည်သူလူထုရဲ့ ဘဝတွေပဲ နစ်နာတာရှိတော့တယ်။ အဲ့တော့ ကျွန်တော်တို့ သဘောထားကြီးကြီးနဲ့ အပေးအယူအလျှော့အတင်းတွေနဲ့ နိုင်ငံတော်အတွက် ရည်မှန်းပြီး ဒီငြိမ်းချမ်းရေးကိုတော့ ၂၁ ရာစုပင်လုံကနေတစ်ဆင့် သိပ်မကြာခင်ကာလမှာ မြန်မာနိုင်ငံကြီး အပစ်အခတ်တွေ ရပ်စဲပြီး ငြိမ်းချမ်းရေးရတာကို မြင်စေချင်ပါတယ်။ အားလုံးဝိုင်းပြီး ကြိုးစားပေးစေချင်ပါတယ်။ တိုင်းရင်းသား အားလုံးအပါအဝင်ပေါ့နော်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေးကို ရည်မှန်းကာလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံးအနေဖြင့် အစိုးရအဖွဲ့က လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မားမားမတ်မတ်ထောက်ခံအားပေးစေလိုကြောင်း၊ ထိုသို့ထောက်ခံအားပေးပါက အစိုးရ၏ လုပ်ငန်းဆောင်တာများ ပိုမိုအဆင်ပြေချော့မွေ့စွာလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိငြိမ်းချမ်းရေးကို မျှော်မှန်းနိုင်သည့် ၂၁ ပင်လုံညီလာခံပေါ်ပေါက်နေပြီဖြစ်ပြီး တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို ပါဝင်လက်မှတ်ထိုးပြီးဖြစ်ကာ သဘောတူညီချက် ၅၁ ချက်ကိုလည်း ချမှတ်နိုင်ပြီးဖြစ်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။

“ ကျွန်တော်တို့ကတော့ ပြည်သူတွေ လိုလားတောင့်တတဲ့ တိုင်းရင်းသားတွေ အားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ကျွန်တော်တို့က ပိုင်းဖြတ်ပြီးသား၊ ကတိပေးပြီးသား။ ထူထောင်ပါမယ်လို့လည်းပြောပြီးသား ကျွန်တော်တို့က ဆက်ကြိုးစားသွားမှာပါပဲ ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆိုသည်။

M-04

Photo - Yan Moe Naing